မန္တလေးမြို့တွင် တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသည့်အတွက် ဆန်ဈေးကွက် အရောင်းအဝယ်အေး

မန္တလေး ၃၀ ဇန်နဝါရီ

 
တရုတ်နှစ်သစ်ကူးကာလ နီးကပ် လာသည့်အတွက် လက်ရှိ မန္တလေး ဆန်ဈေးကွက်တွင် အရောင်းအဝယ် အေးနေပြီး ဆန်ဈေးနှုန်းများမှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေကြောင်း မန္တလေးဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။


ယခုရက်ပိုင်းအတွင်း တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသည့်အတွက် တရုတ်နိုင်ငံနယ်စပ်တွင် အရောင်းအဝယ်မဖြစ်ခြင်း၊ စာမေးပွဲများ နီးကပ်ချိန်တွင် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မှုနည်းပါးနေခြင်း၊ နယ်ဝယ်လက်နည်းပါးခြင်းတို့ကြောင့် မန္တလေးဆန်ဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး ဆန်ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေကြောင်း သိရသည်။


"ဆန်က တရုတ်နိုင်ငံကိုလဲ များများမတင်ပို့ကြတော့ မန္တလေးမှာပဲ စုနေတယ်။ အရောင်းအဝယ် အေးပေမဲ့ ဈေးတွေကတော့ မကျပါဘူး။ အခုအချိန်က ဆန်အသစ်တွေကိုလဲ အကုန်ပြောင်းမစားကြသေးတဲ့အချိန်၊ ဆန်အဟောင်းကိုလဲ လက်လီဆိုင်တွေက ပြန်ရောင်းဖို့ ဝယ်နေတဲ့အချိန်ပါ။ ဒီနှစ် ရွှေဘိုပေါ်ဆန်း ဆန်အသစ်တွေကတော့ နာမည်ရနေပါတယ် " ဟု မန္တလေး မြို့ရှိ ဆန်ကုန်သည်ဦးသိန်းဇော်က ပြောသည်။

 

mdn


ယခုနှစ် ရွှေဘိုပေါ်ဆန်းဆန် အသစ်များမှာ အရည်အသွေး ကောင်းမွန်သည့်အတွက် လူကြိုက် များသဖြင့် ရန်ကုန်ပေါ်ဆန်းဆန် သစ်များမှာ မန္တလေးဆန်ဈေးကွက်အတွင်း အဝင်နည်းလာပြီး ရွှေဘိုပေါ်ဆန်းဆန်များကို နယ်အစုံတွင် စိုက်ကြသည့်အတွက်ဈေးကွက်အတွင်း အရည်အသွေးမမီ သည့် ရွှေဘိုပေါ်ဆန်းဆန်များလည်း ဝင်ရောက်နေကြောင်း သိရသည်။


လက်ရှိဆန်ဈေးကွက်အတွင်းရှိ ဆန်ဈေးနှုန်းများမှာ တစ်တင်းခွဲ ဝင်တစ်အိတ်လျှင် ပွဲရုံဈေး ရွှေဘို ဘေးကျားပေါ်ဆန်း(အသစ်၊ရှယ်)ငွေကျပ်၄၇၀ဝဝ၊ (အသစ်၊ ရိုးရိုး)ငွေကျပ်၄၅၀ဝဝ၊ ရန်ကုန်ပေါ်ဆန်း (အသစ်) ငွေကျပ် ၃၈၀ဝဝ၊ ၄၅၀ဝဝ၊ ကောက်ညှင်း(အသွယ်) ငွေကျပ် ၄၉၀ဝဝ၊ ၅၃၀ဝဝ၊ ကောက်ညှင်း (ကောလင်း) ငွေကျပ် ၃၆၀ဝဝ၊ ၃၇၀ဝဝ၊ ရန်ကုန်ဇီယာ (ရှယ်) ငွေကျပ် ၂၅၀ဝဝ၊ ၂၆၀ဝဝ၊ လမ်းဆန် ငွေကျပ်၂၂၀ဝဝ၊၂၃၀ဝဝ၊ ဧရာမင်း (အသစ်)ငွေကျပ်၃၂၀ဝဝ၊ ၃၅၀ဝဝ၊ မဂျမ်းတော(အသစ်) ငွေကျပ် ၃၆၀ဝဝ၊ ၃၈၀ဝဝ တို့ဖြစ်ကြောင်း သိရသည်။


သူရိန်လင်း

 

mdn