မန္တလေးမြို့တွင် တီထွင်ဖန်တီးသူများ၏ နည်းပညာရပ်ဆိုင်ရာပွဲတော် (MakerFest Myanmar 2020) ကျင်းပ

မန္တလေး ၂၂ ဖေဖော်ဝါရီ

 

အထက်မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ဆန်းသစ်တီထွင်ဖန်တီးထားသည့် နည်းပညာရပ်ဆိုင်ရာ ပစ္စည်းများနှင့် လက်မှုဆိုင်ရာပစ္စည်းများ စုပေါင်းပါဝင်ပြသသည့် MakerFest Myanmar 2020 ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

56

 

အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ STEAM Education စနစ်ကို ကူညီအားဖြည့် မြှင့်တင်ပေးရန်နှင့် ကျောင်းသားလူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်ကို တိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စတင်ကျင်းပခဲ့ရာ လူငယ်များ၏ ပါဝင်ဆင်နွှဲမှုကို ကျေနပ်အားရမှု ရှိခဲ့သဖြင့် ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပပေးခြင်းဖြစ်ကြောင်း အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာအရာရှိ DeBorah C. Lynn က ပြောသည်။

 

“ဒီပွဲတော်ကို အာဆီယံဒေသတွေနဲ့ အခြားနိုင်ငံတွေမှာ ၂၀၁၆ ခုနှစ်ကတည်းက ကျင်းပလေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ၂၀၁၉ ခုနှစ်စပြီး ကျင်းပခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ ဒီလိုပွဲတော်တွေ ကျင်းပခြင်းအားဖြင့် တီထွင်ဖန်တီးသူတွေ အချင်းချင်း တစ်စုတစ်ဝေးတည်း တွေ့ဆုံပြီး နည်းပညာရပ်တွေကို မျှဝေဖလှယ်နိုင်မယ့်အပြင် တီထွင်မှုကို စိတ်ဝင်စားသူတွေ အနေနဲ့လည်း အားကျအတုယူစိတ်တွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ ဒီပွဲတော်မှာ ကျွန်မတို့ သံရုံးအနေနဲ့ တီထွင်ဖန်တီးမှုတွေအတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေကို ကူညီပေးပါတယ်။ အခု ဒီပွဲတော်မှာ ၁၃ နှစ်အရွယ် ခြောက်တန်းကလေးငယ်က ရေကိုသန့်စင်တဲ့စနစ်ကို တီထွင်ဖန်တီးထားတာ မျက်မြင်ကိုယ်တွေ့ အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောသည်။

 

53

 

အဆိုပါပွဲတော်တွင် လာရောက်ပါဝင်ဆင်နွှဲသည့် ရေသန့်စင်သည့် နည်းပညာရပ်ကို တီထွင်ဖန်တီးပြသသူ ခြောက်တန်းကျောင်းသား မောင်ပီတာက “ကျွန်တော်ရဲ့ တီထွင်မှု နည်းပညာရပ်ကို အများပြည်သူတွေ သိရှိစေဖို့ မျှဝေပေးချင်တဲ့အပြင် အခြားသူတွေရဲ့ တီထွင်မှုတွေကိုလည်း လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲတာပါ။ အခုလို ကျွန်တော်အရွယ်နဲ့ မိဘတွေရဲ့ အားပေးမှုနဲ့အတူ ဒီလိုနည်းပညာရပ်ကို တီထွင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု ပြောသည်။

 

MakerFest Myanmar 2020 ပွဲတော်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပြီး ပွဲတော်တွင် Programming, Electronics, Crafts နှင့် အခြားသော စိတ်ဝင်စားဖွယ် နည်းပညာရပ်ဆိုင်ရာ Project များကို ဆန်းသစ်တီထွင်ထားသည့် အထက်မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကျောင်းသားလူငယ်များ လာရောက် ပြသပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

33

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်