မန္တလေးမြို့တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ မြို့လုံးအနှံ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

မန္တလေး ၁၃ အောက်တိုဘာ

           

သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း ဆီမီးကပ်လှူသူများ သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားလျက်ရှိသည်။

 

1

           

မန္တလေးပြည်သူများသည် နေ့ထူးနေ့မြတ် အခါသမယတွင် ဒေသ၏ ကုသိုလ် ကောင်းမှုစတင်ပြုကြသည့် ဓလေ့ထုံးစံအတိုင်း နံနက်အာရုံတက်တွင် မဟာမုနိဘုရား ကြီးသို့ ဦးခိုက်ပူဇော်ကာ ပန်းရေချမ်းဆီမီးများနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန် ကြပြီး မြို့တွင်းရှိ တန်ခိုကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး၊ စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီနှင့် စွယ်တော်မြတ်စေတီတို့သို့ လှည့်လည်သွားရောက်၍ ကုသိုလ်ပြု ဆုတောင်းသူများ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် အနားယူအပန်းဖြေကြသူများနှင့် စည်ကား လျက်ရှိသည်။

           

ထို့ပြင် မြို့တွင်းရပ်ကွက်များရှိ ဓမ္မာရုံများတွင်လည်း သီလခံယူဆောက်တည် ကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများအပြင် ရပ်ကွက်လမ်းများပေါ်တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်း လောင်းလှူကြသူများကိုလည်း ကြည်ညိုသဒ္ဓါပွားများဖွယ်ရာ တွေ့မြင်ကြရသည်။

           

ထို့နောက် သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် မဟာမုနိ၊ ကျောက်တော်ကြီးနှင့် မန္တလေးတောင်တော် ဘုရားများတွင် ဆီမီးတစ်သောင်း ဆက်ကပ်ပူဇော်ပွဲများနှင့် အခြားမြို့နယ် ရပ်ကွက်အသီသီးရှိ စေတီပုထိုးများတွင် ဆီမီးထွန်းညှိပူဇော်ပွဲများ ကျင်းပကာ ရိုးရာယဉ်ကျေးမှု ပွဲတော်ဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြသည်။

 

2

           

အဆိုပါ လပြည့်နေ့ ညပိုင်း၌ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး၊ စန္ဒာမုနိနှင့် ကုသိုလ်တော်ဘုရား သုံးဆူ၏ (၁၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုလည်း သီတင်းကျွတ်ပွဲတော်နှင့်အပြိုင် ကြည်ချင်ပွဲများ၊ ဇာတ်ပွဲများထည့်သွင်းပြီး ဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ခင်းကျင်း၍ ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)