မန္တလေးမြို့တွင် ကျင်းပသည့် ဧရာဝတီစာပေပွဲတော် တတိယနေ့တွင် စာပေဆိုင်ရာ ဆွေးနွေးမေးမြန်းသူ စာအုပ်ဝယ်ယူသူများဖြင့် အထူးစည်ကား

မန္တလေး ၁၁  နိုဝင်ဘာ

 

မန္တလေးမြို့တွင် ကျင်းပသည့် ဧရာဝတီစာပေပွဲတော် တတိယနေ့တွင် စကားဝိုင်းဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများနှင့် စာအုပ်အရောင်းဆိုင်များတွင် စာပေဝါသနာရှင်များ စိတ်ဝင်တစား လာရောက်လေ့လာ မေးမြန်းဆွေးနွေးဝယ်ယူမှုများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စာပေပွဲတော်ကို ပဉ္စမအကြိမ်မြောက်အဖြစ် မန္တလေးမြို့ရှိ မာကျူရီဟိုတယ်တွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ စာပေအနုပညာ ဆိုင်ရာ စာတမ်းများ ဖတ်ကြားခြင်း၊ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များအပြင် ကာတွန်းရေးဆွဲခြင်းနှင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ ထည့်သွင်းကျင်းပပြီး ပြည်တွင်းမှ စာရေးဆရာ ၁၀ဝ ကျော်နှင့် နိုင်ငံတကာမှ စာရေးဆရာ ၃၀ ကျော်တို့ လာရောက်ဆွေးနွေး ဟောပြောခဲ့ကြရာ စာပေဝါသနာရှင်များ၊ မန္တလေးမြို့ရှိ တက္ကသိုလ် ကောလိပ်နှင့် အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၊ လာရောက်လေ့လာမေးမြန်းဆွေးနွေးမှုများဖြင့် သက်ဝင်လှုပ်ရှားကာ နိုင်ငံ၏ စာပေဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးတရားများစွာ ရရှိစေသည့် ပွဲတော်အဖြစ် မှတ်ယူနိုင်ကြောင်း အဆိုပါပွဲတော်တွင် ဩစတေးလျနိုင်ငံမှ လာရောက်ဆွေးနွေး ဟောပြောသူ Mr. Chris Topher Lamb က ပြောသည်။

 

''ဒီစာပေပွဲတော်မှာ ကျွန်တော်က ပညာရေးပြုပြင်ပြောင်းလဲမှုအကြောင်းအရာတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။  ဒီဧရာဝတီစာပေပွဲတော်မှာ မတူညီတဲ့ အကြောင်းအရာမျိုးစုံကို ခေါင်းစဉ် အမျိုးမျိုးနဲ့ ဆွေးနွေးခွင့်ရတဲ့အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နယ်ပယ်အသီးသီးက စာရေးဆရာတွေ တစ်နေရာတည်းမှာ လာရောက်တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဆွေးနွေးမေးမြန်း ပြောဆိုနိုင်ကြလို့ ဒီပွဲတော်ကျင်းပတာကို ကျွန်တော်အနေနဲ့ နှစ်သက်ပါတယ်။ ဒီထက်ပိုပြီးကောင်းမွန်တာက ဒီပွဲတော်မှာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်တက်ရောက်ပြီး စာပေပွဲတော်က ဘယ်လောက် အကျိုးရှိတယ်ဆိုတာကို ပြောသွားတယ်။ ဒါက ဒီပွဲတော်ရဲ့ ထူးခြားချက်တစ်ခုဖြစ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ဒီပွဲတော်ကို မတက်ရောက်နိုင်ပေမယ့် စာပေပွဲတော်ကြီး အောင်မြင်စေဖို့နဲ့ အမြဲတမ်းတည်တံ့နိုင်စေဖို့ ဆုတောင်းစကားကို video ဖိုင်နဲ့ ပြောကြားပေးတာကလည်း ဒီပွဲတော်အတွက် အရမ်းကို အရေးပါခဲ့ပါတယ် ''ဟု ၎င်းက ပြောသည်။

 

ဧရာဝတီစာပေပွဲတော် တတိယနေ့တွင် စာရေးဆရာများ၏ ဆွေးနွေးဟောပြောမှုများကို လာရောက်လေ့လာနားထောင်သူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မအေးပြည့်စုံကလည်း '' ဒီနှစ်စာပေပွဲတော်က လူငယ်နဲ့စာပေအကျိုးကို အဓိက ဦးတည်ဆွေးနွေးကြတဲ့အတွက် လူငယ်တွေ ဘယ်လို စာပေမျိုးကို ရွေးချယ်ဖတ်ရှုသင့်တယ်ဆိုတဲ့ အချက်တွေကို သိခဲ့ရတယ်။ လူငယ်တွေ စာမဖတ်ဘူးလို့ ပြောနေကြပေမယ့် တကယ်တော့ လူငယ်တွေ စာမဖတ်တာ မဟုတ်ဘူး။ စာဖတ်ကြပါတယ်။ ဖတ်တဲ့ပုံစံ ပြောင်းလဲသွားတာပါ။ အခုခေတ် လူငယ်တွေက အင်တာနက်ကနေ ကိုယ်ကြိုက်တဲ့စာပေတွေကို ရှာဖွေပြီးဖတ်နေကြတယ်ဆိုတာကို ဒီပွဲတော်ရဲ့ ဆွေးနွေးပွဲကနေ သိခဲ့ရတယ်။ ဒါအပြင် ရသနဲ့ သုတ စာပေ နှစ်မျိုးစလုံးကို မျှတပြီး ဖတ်ရှုသွားမယ်ဆိုရင် အနာဂတ်အတွက် အသိပညာ ခွန်းအားတွေ  အများကြီးရသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲတော်ကို မန္တလေးအပြင် နယ်မြို့တွေမှာလည်း ကျင်းပပေးမယ်ဆိုရင် ပိုပြီး အကျိုးရှိမှာပါ''  ဟု ပြောသည်။

 

ထို့ပြင် အဆိုပါဧရာဝတီ စာပေပွဲတော်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ လာရောက်ဖွင့်လှစ် ရောင်းချကြသည့် စာအုပ်အရောင်းဆိုင်များ တွင်လည်း စာပေဝါသနာရှင်များနှင့် ကျောင်းသားလူငယ်များ လာရောက်၍ စိတ်ကြိုက်ရွေးချယ်ဝယ်ယူမှုများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရဿည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်