မန္တလေးမြို့တွင် အချိုရည်နှင့် ကော်ဖီအတု ပြုလုပ်ဖြန့်ဖြူးရောင်းချနေသူများကို အမှုဖွင့်အရေးယူ

မန္တလေး၊  ၁၆  ဇန်နဝါရီ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တွင် အချိုရည်နှင့်ကော်ဖီအတုပြုလုပ်ရောင်းချ နေသူများကို ဇန်နဝါရီ ၁၅ ရက်က အမှုဖွင့်ဖမ်းဆီးထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၄ ရက်က ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းကျေးရွာရှိ မျိုးကျော်သူ (ခ) နာဂင်းနေအိမ်တွင် M-150 အချိုရည်တံဆိပ်အတုနှင့် Birdy ကော်ဖီတံဆိပ်အတုများ ထုတ်လုပ်ရောင်းချနေကြောင်း သတင်းအရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)မှ တာဝန်ရှိသူများနှင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မျိုးကျော်သူ (ခ) နာဂင်းနှင့် စက်ရုံ တာဝန်ခံ ချိုတေးတို့အား တွေ့ရှိခဲ့ပြီး သကြားအိတ် ၅၀၊ အိတ်ထုတ်စက် ၃ လုံး၊ ကော်ဖီမှုန့်အသေး ၂၆ ထုတ်၊ Birdy တံဆိပ်ပါ တစ်ခါသုံးအထုတ်များ၊ Birdy တံဆိပ်ပါ တိပ်ခွေများ၊ ကော်ဖီပြုလုပ်ရာတွင် အသုံးပြုသည့် စက်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

အလားတူ M-150 အချိုရည်တံဆိပ်စာတမ်းပါ ပလတ်စတစ် အခု ၄၀၀၊ 150 ပုလင်းခွံ အလုံး ၁၀၀ ပါ ဂျပ်ဖာ ၅၅ ဖာ၊ M-150 အလုံး ၁၅၀ ၊ ပီနံအိတ် ၅၀၀၊ M-150 တံဆိပ်ပါ ပုလင်းဖုံး ၈၅ ခုတို့အား လည်းကောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကွင်းဆက်အရ ဇန်နဝါရီ ၁၄ ရက် ညပိုင်းက အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၆၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ ပီကူးမား၏ နေအိမ်တွင် သတင်းအရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ တာဝန်ရှိသူများနှင့် အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ M-150 အချိုရည်အတုတံဆိပ်အတုများပြုလုပ်ရာတွင် အသုံပြုသည့် ဘွိုင်လာအိုး ၃လုံး၊ လှောင်ကန်အကြီး တစ်လုံးနှင့် အတုပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မျိုးကျော်သူ(ခ)နာဂင်းနှင့် ချိုတေးတို့အား ပုသိမ်ကြီး မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဖြိုးအိ