မန္တလေးမြို့သို့ လာရောက်လည်ပတ်သူတိုင်း အားထားလေ့လာသည့် မြနန်းစံကျော် ရွှေနန်းတော်

mdn

မန္တလေး ၁၇ အောက်တိုဘာ

 

မန္တလေးမြို့တွင် လှပခန့်ညားလှသည့် မြနန်းစံကျော် ရွှေနန်းတော်ကြီးကို ဂုဏ်ယူဖွယ် လေ့လာနိုင်သည်။ မန္တလေးမြို့ရောက် ပြည်တွင်းခရီးသွား ဧည့်သည်များမှာ မြန်မာနိုင်ငံတွင် ရှေးခေတ်က ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်အုပ်ချုပ်ခဲ့ပုံကို မြနန်းစံကျော် ရွှေနန်းတော်ကြီး နောက်ခံသမိုင်းလေးကို လေ့လာကာ လွမ်းဖွယ်ခံစားကြသည်။

 

မင်းတုန်းမင်း၊ ပုဂံမင်းတို့၏ ခမည်းတော်ဖြစ်သည့် သာယာဝတီရွှေဘိုမင်းသည် နောင်တော် စစ်ကိုင်းမင်း (ဘကြီးတော်) ထံမှ ရတနာပူရ အင်းဝရွှေနန်းတော်ကို လွဲပြောင်းစိုးစံခဲ့ပြီး နောက်ပိုင်းတွင် မြို့တော်ကို အမရပူရသို့ ပြောင်းရွှေ့စံမြန်းခဲ့ခြင်းမှ စတင်ကာ စိတ်ဝင်စားဖွယ်ရာ နန်းတော်သမိုင်း စတင်ခဲ့ပေသည်။ နန်းတော်ပြီးသည့်အခါ နန်းမြို့ကို အောင်မြေစံရာ၊ နန်းတော်ကို အောင်နန်းသာစံဟု ကမ္ဗည်းတပ်တော်မူပြီး စိုးစံခဲ့သည်။ ထိုအောင်နန်းသာစံ နန်းတော်တွင်ပင် သားတော်ပုဂံမင်း ဆက်လက်စိုးစံခဲ့သည်။

 

ညီတော်မင်းတုန်းမင်းလက်ထက် မြို့သစ်တည်ဆောက်ရာတွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကြီးကို အဆောင်ဆောင်အခန်းခန်းဖြင့် ခမ်းနားစွာ တည်ဆောက်စံမြန်းတော်မူခဲ့သည်။ သားတော်သီပေါမင်း လက်ထက်သက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်) တွင် နယ်ချဲ့တို့က သိမ်းပိုက်ကာ အရှင်နှစ်ပါး ပါတော်မူပြီးနောက် အဖိုးတန်ရွှေငွေရတနာ ရှေးဟောင်း ပေပရပိုက်စာများကို နယ်ချဲ့တို့ယူငင်ခြင်း ဖျက်ဆီးခြင်းခံခဲ့ရသည်။ သက္ကရာဇ် ၁၂၆၈ ခု (ခရစ်သက္ကရာဇ် ၁၉၀၆ ခုနှစ်)ခန့်တွင် မြန်မာကျောက်စာဌာန ပေါ်ပေါက်လာကာ ရွှေနန်းတော်ကြီးကို အဖက်ဖက်မှ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်း လိုအပ်သလို မှတ်တမ်းများ ရေးမှတ်နိုင်ခဲ့သည်။

 

ဒုတိယကမ္ဘာစစ်ဖြစ်ပြီးကာလ သက္ကရာဇ် ၁၃၀၇ ခုနစ် (ခရစ်နှစ် ၁၉၄၅ ခုနှစ်အင်္ဂလိပ်နှင့် ဂျပန် တိုက်ပွဲအကြား မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပေသည်။ နောက်ပိုင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အချုပ်အချာအာဏာ ထိန်းသိမ်းကာကွယ်ရေး၊ အမျိုးသားယဉ်ကျေးမှု အားပေးမြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ရွှေနန်းတော် ပြန်လည်တည်ဆောက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းကာ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ပညာရှင်အသီးသီးမှ မှတ်တမ်းများစွာ ကူညီပေးခြင်းများမှသည် အဆောင်ပေါင်း (၁၁၄)ဆောင်ဖြင့် ခမ်းနားထည်ဝါလှသော မြနန်းစံကျော် ရွှေနန်းတော်အဖြစ် ဂုဏ်ယူဖွယ် ပေါ်ပေါက်လာခဲ့ပေသည်။

 

ယခုအခါတွင် ကျုံးမြို့ရိုးနှင့်တစ်ကွ မြနန်းစံကျော် ရွှေနန်းတော်ကြီးမှာ စိတ်ဝင်စားဖွယ်ရာ လေ့လာစရာနေရာတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ အဆောင်ဆောင်အခန်းခန်းတို့၏ အသုံးပြုပုံ မှတ်တမ်းများ ပြည့်စုံစွာ ရေးထိုးပြသထားခြင်းများ နန်းမြို့အတွင်း သမိုင်းဝင်နေရာများစွာ၏ စိတ်ဝင်စားဖွယ်ရာ အချက်များသည် ပြည်တွင်းခရီးသွားဧည့်သည်များ နိုင်ငံတကာ ခရီးသွားဧည့်သည်များ စွဲဆောင်မှုရှိစေသော ဂုဏ်ယူဖွယ်ရာနေရာတစ်ခုအဖြစ် တည်ရှိပြီး မန္တလေးရောက် နိုင်ငံတကာခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ဘုရားဖူးများ အားထားလေ့လာရာ နေရာတစ်ခုအဖြစ် တည်ရှိနေသည်။     

      

တိမ်တမန်