မန္တလေးမြို့ရှိ  စောမွန်လှပေါ်တော်မူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ တရုတ်ယူနန်ဘုံကျောင်းမှ ဆန်အိတ်များနှင့် Mask များ ထောက်ပံ့လှူဒါန်း

မန္တလေး ၂ ဇွန်

 

မန္တလေးမြို့ လမ်း ၈၀ ရှိ တရုတ်ယူနန်ဘုံကျောင်းမှ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်၊ ဆုတောင်းပြည့်၊ မြတဘက် နဂါးကိုးကောင်ဘုရား၊ စောမွန်လှ ပေါ်တော်မူဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ရှင်သမဏေများနှင့် သီလရှင်ဆရာလေးများအတွက် ဆန်အိတ် ၁၀၀ နှင့် ကျောင်းတိုက်အနီးပတ်ဝန်းကျင်ရှိ နွမ်းပါးချို့တဲ့သော ကျောင်းသားမိဘပြည်သူများအား ဆန်အိတ် ၃၀၀ နှင့် Mask များကို မေ ၃၁ ရက်က လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

 

ထိုသို့လှူဒါန်းရာတွင် တရုတ်ယူနန်ဘုံကျောင်းဥက္ကဋ္ဌ ဦးတင်ထွန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌများ တရုတ်ဘာသာသင်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ကိုယ်တိုင်လာရောက်ပေးဝေ လှူဒါန်းခဲ့ကြသည်။

 

အဆိုပါလှူဒါန်းမှုအတွက် စောမွန်လှပေါ်တော်မူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယကကျောင်းအုပ် နဂါးကိုးကောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒမှ ယခုကဲ့သို့ ကိုးဗစ်-၁၉ ရောဂါကာလတွင် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ဆွမ်းနှင့် ဆွမ်းဆန်ခံ မထွက်ကြရသဖြင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေကြသည့်အချိန်တွင် ကာလဒါနအဖြစ် လှူဒါန်းမှုပြုသည်မှာ မွန်မြတ်လှကြောင်း မိန့်ကြားခဲ့သည်။

 

မကြာမီကာလအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ အဆိုပါကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လက်ဆေးကန်များ၊ ဆပ်ပြာများ၊ Mask များ Hand-Gel များ လုံလောက်စွာ ထားရှိနိုင်ရန်နှင့်  စာသင်ခုံများ၊ ပရိဘောဂများ ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများအတွက် ကာလဒါနအဖြစ် လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် အကျိုးဆောင်အဖွဲ့ဖုန်း -၀၉-၂၀၃၂၂၄၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)