မန္တလေးမြို့၌ လျှပ်စစ်ကေဘယ်ကြိုး ခိုးယူရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၃ ဩဂုတ်

 

မန္တလေးမြို့၌ လှည့်ကင်းအဖွဲ့က မသင်္ကာဖွယ်တွေ့ရှိသူများကို စစ်ဆေးရာမှ မန္တလေးမြို့၊ မိတ္ထီလာမြို့နှင့် ပုသိမ်ကြီးမြို့ပေါ် နေရာအသီးသီးမှ ဖြတ်တောက်ခိုးယူ ရောင်းချထားသော လျှပ်စစ်ကေဘယ်ကြိုးများ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၂ ရက် နံနက် ၃ နာရီခွဲတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် မြို့အောင် ဦးစီးလှည့်ကင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၃ လမ်းနှင့် ၆၄ လမ်းထောင့်၌ မိတ္ထီလာမြို့နယ်၊ စက်ပစ်တောင်ကျေးရွာနေ ဇော်ဝင်းအောင်နှင့် နတ်တလင်းမြို့နယ်၊ သရက်တောကျေးရွာနေ မနုနုတို့အား လက်ဆွဲခြင်းတစ်လုံး၊ ကတ်တာ ၁ ချောင်းတို့နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရာ မန္တလေးမြို့၊ မိတ္ထီလာမြို့နှင့် ပုသိမ်ကြီးမြို့ပေါ်ရှိ နေရာအသီးသီးမှ ခိုးယူထားသည့် လျှပ်စစ်ကေဘယ်ကြိုးများကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ဦးအေးကျော်နှင့် ဒေါ်မာလုံးတို့၏ အဟောင်းဆိုင်၌ ရောင်းချပြီး ၎င်းတို့မှ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်နေ ဦးလင်းထက်ဝင်းထံတစ်ဆင့် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခိုးယူရောင်းချခဲ့သည့် လျှပ်စစ်ကေဘယ်ကြိုး စုစုပေါင်း ၂၁၉ ဒသမ ၉ ပိဿာကို သိမ်းဆည်းရမိခဲ့သည်။

 

ပြစ်မှုကျူးလွန်သူအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲပြန်ကြား