မန္တလေးမြို့မှ ငှက်ချစ်သူများ မိခင်မေတ္တာပြ ငှက်သဘာဝကို စောင့်ကြည့်ရိုက်ကူးမှုများလာ

မန္တလေး ၂၅ စက်တင်ဘာ

မန္တလေးမြို့မှ ငှက်ချစ်သူများသည် ငှက်များ၏ သဘာဝအလှနှင့် မိဘမေတ္တာပြ အလှမြင်ကွင်းများကို စောင့်ကြည့်ရိုက်ကူးမှု များပြားလာကြောင်း မန္တလေးမြို့မှ ငှက်အလှဓာတ်ပုံ ရိုက်ကူးသူ ငှက်ချစ်သူ ကိုသိန်းနိုင်ဦးထံမှ သိရသည်။

ငှက်ချစ်သူများမှာ ငှက်မျိုးစုံ၏ သဘာဝနှင့် ဥဥချိန် အကောင်ပေါက်ချိန်များကိုပါ စနစ်တကျ လေ့လာရိုက်ကူးကြသည်။ ငှက်ချစ်သူများမှာ ငှက်ဓာတ်ပုံရိုက်ကူးမှုလုပ်ငန်းကို ငှက်ချစ်သည့်စိတ်ဖြင့် ရိုက်ကူးခြင်းဖြစ်ပြီး ရသမြောက်ငှက်ဓာတ်ပုံများကို ပြိုင်ပွဲဝင်ခြင်း အလှဓာတ်ပုံ ရောင်းချခြင်းများ မပြုလုပ်သည့်အတွက် ငှက်တို့၏သဘာဝကို ကျင့်ဝတ်နှင့်အညီ အလေးထား ရိုက်ကူးကြသည်။

ငှက်အလှပုံများ ရိုက်ကူးရာတွင် ပုံအရည်အသွေးကောင်းများ ရရှိစေရန်အတွက် တစ်စက္ကန့်လျှင် (၇)ပုံမှ (၁၁)ပုံအထိ ရိုက်ကူးနိုင်သည့် ကင်မရာများဖြင့် ရိုက်ကူးကြရသည်။ အများစုမှာ Nikon –D500. D7100. D7200 များဖြင့် ရိုက်ကူးလေ့ရှိသည်။ လက်ရှိကာလတွင် မန္တလေးမြို့မှ ငှက်ချစ်သူ ငှက်တို့၏ သဘာဝအတိုင်း ကျင်လည်ကျက်စားမှုများကို အချိန်ပေးရိုက်ကူးမှု များပြားလာကြောင်း သိရသည်။

တိမ်တမန်