မန္တလေးမြို့ ရတနာပုံဈေးရှိ ရတနာမောလ်တွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ကျင်းပမည်

မန္တလေး ၂၇ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထွက်ရှိသည့် အချောထည် ကျောက်မျက်နှင့် လက်ဝတ်ရတနာများ ပြပွဲကို မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရတနာပုံဈေး ဒုတိယထပ်ရှိ ရတနာမောလ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

မန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသည့် အဖိုးတန် ကျောက်မျက် ရတနာများကို ပြည်တွင်း၌ တစ်စုတစ်ဝေးတည်း ပြသရောင်းချနိုင်စေရန်၊ လိုအပ်နေသည့် နိုင်ငံတကာ ဈေးကွက် တစ်ခုကို ဖော်ဆောင်ရန်၊ ကျောက်မျက်၊ ကျောက်စိမ်း ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နည်းပညာ အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ယခုပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ရတနာမောလ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောသည်။

 

“ကျွန်တော်တို့ ပြည်တွင်းကထွက်တဲ့ ကျောက်မျက်ရတနာတွေက ပြည်ပနိုင်ငံ တချို့မှာ ဈေးကွက်တစ်ခု အနေနဲ့ ဖြစ်ပေါ်နေတယ်။ ဒါကြောင့် အဖိုးတန် ကျောက်မျက် ရတနာတွေက မြန်မာနိုင်ငံက ထွက်ရှိတယ် ဆိုတာကို နိုင်ငံတကာ သိရှိပြီး ပြည်တွင်းမှာပဲ ဈေးကွက်တစ်ခု အနေနဲ့ ပြန်လည်ဖြစ်ပေါ်လာစေဖို့ အခုလို ကျင်းပတာပါ” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် အဆိုပါပြပွဲတွင် နေပြည်တော် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဗဟို)၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် ကျောက်စိမ်းပန်းပု၊ ကျောက်မျက်ပန်းချီနှင့် လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါပြပွဲတွင် ဆိုင်ခန်းပေါင်း ၄၀ဝ ကျော် ပြသရောင်းချရန် လျာထားပြီး ပြည်တွင်း၌ ထွက်ရှိသည့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲနှင့် လက်ဝတ်ရတနာ အချောထည်များ ပြသသွားမည်ဖြစ်ပြီး အဆိုပါပြပွဲသို့ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များ လာရောက်နိုင်စေရန် ဖိတ်ကြားထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)