မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မည်

မန္တလေး ၁၀ စက်တင်ဘာ


မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိပ်ကမ်းနေရာ ချထားရေး လုပ်ငန်းကော်မတီမှ သိရသည်။ 


မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများကို အခြားနေရာများသို့ ယခုလအတွင်း ရွှေ့ပြောင်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ 


"ဒီနားမှာရှိတဲ့ သဲလုပ်ငန်းတွေ၊ ဝါးလုပ်ငန်းတွေ၊ ကုန်တင်ကုန်ချ လုပ်ငန်းတွေကို ရွှေ့ပြောင်းရေး ညှိနှိုင်း ဆောင်ရွက်နေပါတယ်''ဟု ဆိပ်ကမ်းနေရာချထားရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့်နေရာ၌ လက်ရှိလုပ်ငန်းများမှ သဲလုပ်ငန်းများကို ချော်ဆိပ်သို့ လည်းကောင်း၊ ဝါးလုပ်ငန်းများကို ၁၉လမ်း ရှုခင်းသာ (View Point) မြောက်ဘက်သို့ လည်းကောင်း၊ ကုန်တင်ကုန်ချ လုပ်ငန်းများကို ရွှေကြက်ယက် ဆိပ်ကမ်းတွင်လည်းကောင်း ရွှေ့ပြောင်းပေးသွားမည် ဖြစ်သည်။


မရမ်းခြံဆိပ်ကမ်းသည် မန္တလေးမှ မင်းကွန်းနှင့် အခြားနေရာဒေသများသို့ နိုင်ငံခြားခရီးသွားများ ပို့ဆောင် ပေးနေသည့် ပုဂ္ဂလိကရေယာဉ်များ ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်ပြီး အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်

 

1