မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင် မီးရောင်စုံများထွန်းညှိ၍ နှစ်သစ်ကြိုဆိုပွဲ စည်ကားပျော်ရွှင်စွာကျင်းပ

မန္တလေး  ၁  ဇန်နဝါရီ

 

၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းသည့် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် မန္တလေးဒေသခံများက ကျုံးတောင်ဘက်ခြမ်းတွင် မီးရောင်စုံများထွန်းညှိ၍ နှစ်သစ်ကြိုဆိုပွဲကို စည်ကားပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

 

မန္တလေးမြို့၏ ယခုနှစ် ကျင်းပသည့် နှစ်သစ်ကြိုဆိုပွဲကို ကျုံးတောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင် ဒီဇင်ဘာ ၂၄ ရက်မှစ၍ ကုမ္ပဏီများ၏အားပေးကူညီမှုဖြင့် မီးရောင်စုံ မီးများထွန်းညှိကာ မြန်မာ့ရိုးရာအစားအစာများနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များဖွင့်လှစ်ကာ နှစ်သစ်ကြိုပွဲတော်အဖြစ် ထူးခြားစွာ ကျင်းပခဲ့ကြပြီး နှစ်သစ်သို့ကူးပြောင်းမည့် ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များထည့်သွင်းကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ Count Down ရေတွက်၍ မီးရှူးမီးပန်းများပစ်လွှတ်ကာ နှစ်သစ်ဆုတောင်းပွဲကို ပျော်ရွှင်စွာကျင်းပကြောင်း သိရသည်။

 

“မန္တလေးမြို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကျင်းပနိုင်ဖို့ ကျွန်တော်တို့ စည်ပင်ရုံးရှေ့ရဲ့ မီးရောင်စုံအောက်မှာ Count Down ရေတွက်ကာ မီးရှူးမီးပန်းတွေလွှတ်ပြီး ကျင်းပဖို့ ဆောင်ရွက်ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက်တော့ စည်ပင်ရဲအင်အားနဲ့ နယ်မြေခံအင်အားတွေပူးပေါင်းပြီး လုံခြုံရေးပိုင်းကို ဆောင်ရွက်ပေးထားသလို ယာဉ်မဝင်ရနေရာတွေ သတ်မှတ်ပေးပြီး လမ်းလျှောက်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အဆိုပါ နှစ်သစ်ကူးအကြိုပွဲတော်သို့ မိသားစုအလိုက်လာ ရောက်လည်ပတ်ကြသည့် ဒေသခံတစ်ဦးဖြစ်သူ ဦးနေဝင်းက “ဒီနှစ်မှာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့ ထည့်သွင်းကျင်းပပေးတာ တွေ့ရတော့ အားရကျေနပ်မိ ပါတယ်။ အားလုံးလည်းပျော်ရွှင်နေကြတာကို တွေ့ရတယ်။ နှစ်သစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောသည်။

 

မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းတွင် နှစ်သစ်ကူးပွဲတော်ကို ယနေ့ညနေ ၆ နာရီမှ စတင်ကျင်းပခဲ့ရာ မန္တလေးမြို့ နေရာအနှံ့အပြားမှ ဒေသခံပြည်သူများလာရောက်၍ မီးရောင်စုံများကြားတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်တန်းများတွင် ဝယ်ယူစားသုံးကြကာ ည ၁၂ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ စုစည်း၍ မီးရှူးမီးပန်းများပစ်လွှတ်ကာ နှစ်သစ်ကိုကြိုဆိုကြောင်း သိရသည်။

 

တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)