မန္တလေးဈေးကွက်အတွင်းသို့ နယ်ပယ်ပေါင်းစုံမှ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်လာ

မန္တလေး၊ ၈ ဇန်နဝါရီ

မန္တလေးမြို့အတွင်း နယ်ပယ်ဒေသပေါင်းစုံမှထွက်ရှိသော ကြက်သွန်နီများ ဝင်ရောက်လာနေပြီး အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း သီရိမာလာဈေးအတွင်းရှိ ကြက်သွန်နီပွဲရုံများထံမှ  သိရသည်။

နယ်ပယ်ပေါင်းစုံကနေ ဝင်ရောက်နေပြီး ဇန်နဝါရီ ၁၅ ရက်လောက်ဆိုရင် ဒေသပေါင်းစုံကနေ ဝင်ရောက်လာတော့မှာဖြစ်တယ်။ ဒီနှစ်က စိုက်ပျိုးတဲ့ပမာဏများတဲ့အတွက် အထွက်နှုန်းလည်းကောင်း တယ်ဟု ပွဲရုံပိုင်ရှင် ဦးကျော်ဌေးက  ပြောသည်။

ကြက်သွန်နီများမှာ တစ်ရက်လျှင် ကုန်ကားကြီး ၁၅ စီးခန့် ဝင်ရောက် နေပြီး အရောင်းအဝယ်မှာလည်း ပုံမှန်ဖြစ်နေကြောင်း၊ သို့သော်လည်း ယခုနှစ်ထွက်နှုန်းကောင်းသဖြင့် ယမန်နှစ်ဈေးနှုန်းအထိတော့ ရရှိခြင်း မရှိကြောင်း သိရသည်။

မနှစ်က တစ်ပိဿာကို ကျပ် တစ်ထောင်အထိ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ ကျပ် ငါးရာလောက်အထိပဲ ရှိတယ်။ အထွက်များတယ်၊ ပြည်တွင်းက အသုံးပြုမှုနည်းတော့ ဈေးက မတက်တာဖြစ်တယ်ဟု ပွဲရုံပိုင်ရှင် ဦးသန်းလှက  ပြောသည်။

အထွက်နှုန်းတိုးမြင့်လာခြင်းကြောင့် ဈေးနှုန်းလျော့ကျလာသည့်မှန်သော်လည်း ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဗီယက်နမ်နှင့် မြဝတီ ဘက်မှ ဝယ်ယူမှုရှိခြင်းကြောင့် ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းနိုင်ချေနည်းပါးကြောင်း  သိရသည်။

ကြက်သွန်နီအား မြင်းခြံ၊ မြစ်သား၊ ရေစကြို၊ မုံရွာ၊ ဆိတ်ဖြူ၊ ပခုက္ကူ နှင့် နယ်ပယ်ဒေသစုံတွင် နွေ၊ မိုး နှစ်ရာသီ စိုက်ပျိုးကြကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)