မန္တလေးအမျိုးသားသွေးလှူဘဏ် သွေးလိုအပ်ချက် စေတနာသွေးလှူရှင်များ ရာနှုန်းပြည့်လှူဒါန်းရန် လိုအပ်လျက်ရှိ

ဇွန် ၆


မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်သည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအတွက် လိုအပ်သည့် သွေးများကို အဓိကထောက်ပံ့ပေးလျက်ရှိသည်။ မန္တလေးအမျိုးသားသွေးလှူဘဏ်တွင် တစ်ဦးချင်း လာရောက်လှူဒါန်းသည့် စေတနာသွေးလှူရှင်မှာ ၄၀ ရာခိုင်နှုန်းရှိပြီး သွေးလှူရှင်အဖွဲ့များက လာရောက်လှူဒါန်းမှုမှာ ၆၀ ရာခိုင်နှုန်းရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ သိရသည်။


ယခင်နှစ်စာရင်းများအရ လစဥ် သွေးအသုံးပြုမှုမှာ ၃၅၀၀ မှ ၄၀၀၀ ကြားရှိပြီး တစ်နှစ်တာကာလအတွင်း နေ့စဥ်သွေးအလှူရှင်ဦးရေ ၈၀ မှ ၁၀၀ ကျော်ထိ လိုအပ်လျက်ရှိသည်။ လူနာများ သွေးလိုအပ်သည့်အခါ သွေးအလှူရှင်အဖွဲ့များမှတစ်ဆင့် လာရောက်ကူညီကြသည့် စေတနာသွေးအလှူရှင်များမှာ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။ စေတနာရှင်သွေးလှူရှင်များ တိုးပွားလာရန် လိုအပ်လျက်ရှိကြောင်း သိရသည်။


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် အရေးပေါ်သွေးလိုအပ်ချက်ရှိပါက မန္တလေးမြို့ရှိ အဖွဲ့အစည်းများက လာရောက်လှူဒါန်းကြသည်။ အမျိုးသားသွေးလှူဘဏ်တွင် သွေးလိုအပ်ချက် အမြဲရှိနေမှုကြောင့် စေတနာသွေးလှူရှင်များ ပိုမိုတိုးပွားပြီး လှူဒါန်းရန်လိုအပ်လျက်ရှိသည်။ လူနာများ သွေးလိုအပ်သည့်အချိန်တွင် အချိန်မီ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။


မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ရောဂါအမျိုးမျိုးဖြင့် တက်ရောက်ကုသမှု ခံယူနေသည့် လူနာများအတွက် သန့်စင်သည့်သွေး အချိန်မီထောက်ပံ့နိုင်ရန် စေတနာသွေးလှူရှင်များရရှိရေးအတွက် သွေးလှူဘဏ်မှ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ သွေးလှူဘဏ်မှ မွေးနေ့ကျရောက်သည့် သွေးလှူရှင်များ သွေးလှူဒါန်းမှု ၄ လပြည့်သည့် သွေးလှူရှင်များထံ ဖုန်းမှတစ်ဆင့် ပြန်လည်လှူဒါန်းရန် ဖိတ်ခေါ်လျက်ရှိသည်။ စေတနာသွေးလှူရှင်များ ရာနှုန်းပြည့်ရရှိပါက လူနာများ သွေးလိုအပ်သည့်အခါ အချိန်မီထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ရုံးဖွင့်ရက်များ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိလည်းကောင်း သွားရောက်လှူဒါန်းနိုင်သည်။ သွေးလှူရှင်သည် အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်း ရှိရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ ရောဂါမရှိသူ၊ ဖျားနာမှုနှင့် ကူးစက်ရောဂါမရှိသူဖြစ်ပြီး ၄ လတစ်ကြိမ် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။


အောင်သူရ