မန္တလေး ကုန်စည်ဒိုင် ဇန်နဝါရီ(၂၁)ရက်တွင်  ပြန်လည်ဖွင့်လှစ်မည်

မန္တလေး၊  ၂၀  ဇန်နဝါရီ

မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)ကို COVID-19 ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဇန်နဝါရီ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကုန်စည်ဒိုင်ကို COVID-19 ရောဂါကြောင့် လေးလဝန်းကျင် ပိတ်ထားခဲ့ရပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် မနက်ဖြန်တွင် ပြန်ဖွင့်မည်ဟု အဆိုပါအသင်း အတွင်းရေးမှူး ဦးစက်မောင်က ပြောသည်။

“လူဦးရေ အကန့်အသတ်နဲ့ပဲ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး  COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျ ဖွင့်လှစ်မှာပါ”ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း အတွင်းရေးမှူး ဦးစက်မောင်က ပြောသည်။ 

COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် မန္တလေးကုန်စည်ဒိုင်(ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း၊ မန္တလေး) ကို ၂၀၂၀ စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဖြိုးအိ