မန္တလေး ကွန်ဗင်းရှင်းစင်တာအား စီမံခန့်ခွဲနိုင်ရန် နိုင်ငံတကာမှ တင်ဒါခေါ်မည်

မန္တလေးကွန်ဗင်းရှင်းစင်တာကို စီမံခန့်ခွဲ လည်ပတ်နိုင်ရန်အတွက် နိုင်ငံတကာ ကုမ္ပဏီ (သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

အဆိုပါစင်တာသည် မြေအောက်ထပ်အပါအဝင် လေးထပ်အဆောက်အအုံဖြစ်ပြီး ပြပွဲခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းမ၊ ဇာတ်ရုံများပါဝင်နေရာ ယင်းအခန်းများကို ထိန်းသိမ်းရန်၊ သန့်ရှင်းရေး လုပ်ဆောင်ရန်၊ အခမ်းအနားများ လက်ခံကျင်းပရန် စီမံခန့်ခွဲပေးမည့် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုကို တင်ဒါခေါ်ယူရန် မြို့တော်စည်ပင်က စီစဉ်နေခြင်းဖြစ်သည်။

 

" စင်တာ လည်ပတ်နိုင်အောင် စီမံခန့်ခွဲနိုင်တဲ့ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုကိုပေးဖို့ ရည်ရွယ်ထားတယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတကာအထိ ကြေညာပြီး တင်ဒါခေါ်မယ် " ဟုမန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့် က ပြောဆိုသည်။

 

လက်ရှိတွင် အဆိုပါစင်တာစီမံခန့်ခွဲမှုကို တည်ဆောက်သည့် New Starlight Construction ကုမ္ပဏီ အုပ်စုက တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိသည်။

 

စင်တာတည်ဆောက်ထားသော မြေနေရာသည် မန္တလေးမြို့တော်စည်ပင်ပိုင်ဖြစ်ပြီး Mandalay Investment and Development Group က ရင်းနှီးမြှုပ်နှံကာ New Starlight   Construction ကုမ္ပဏီအုပ်စုက တာဝန်ယူတည်ဆောက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ကပင် မန္တလေးမြို့တော်စည်ပင်သို့ လွှဲပြောင်းပေးခဲ့သည်။

 

မန္တလေး ကွန်ဗင်းရှင်းစင်တာသည် အကျယ်အဝန်း ၂ ဒသမ ၃၆ ဧက အပြည့် တည်ဆောက်ထားပြီး ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်းနှင့် ၇၂ လမ်းကြား၊ သိပ္ပံလမ်းပေါ်တွင် တည်ရှိသည်။

 

သူရိန်လင်း