မန္တလေး ဆန်ဈေးကွက်မှ ဆန်များအား ရန်ကုန်ဆန်ဈေးကွက်သို့ ပြောင်းလဲတင်ပို့နေရ

မန္တလေး ၁၉ စက်တင်ဘာ 

 

တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု မရှိသည့်အတွက် မန္တလေးဈေးကွက်မှ တစ်ဆင့် ရန်ကုန်ဈေးကွက်သို့ ပြောင်းလဲတင်ပို့နေကြောင်း မန္တလေးတိုင်း ဒေသကြီး ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံအောက်ပိုင်းဒေသထွက် ဆန်များ နှင့် မတ္တရာ၊ ရွှေဘိုဒေသများမှ ဆန်များမှာ ယခင်က မန္တလေးဆန်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ခဲ့သည် ။

 

" အရင် မြန်မာနိုင်ငံ အောက်ပိုင်းက မန္တလေးကို နေ့စဉ်ဝင် နေတဲ့ ဆန်တစ်သိန်းကျော်တယ် ။ ခု တရုတ်ကပိတ်လိုက်တဲ့အတွက် မန္တလေးဈေးကွက်ထဲကို မဝင်ဘဲ ရန်ကုန်ကို ပြောင်းသွားတယ် ။ အဓိကကတော့ ဈေးကွက်ပို အဆင်ပြေနိုင်တဲ့ ဘက်ကို ပြောင်းသွားတာပါ " ဟု အဆိုပါအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

 

တရုတ်နိုင်ငံက ဆန်ဝယ်ယူမှုမပိတ်မီ စပါးပေါ်သည့်ရာသီ၌ မြန်မာနိုင်ငံအောက်ပိုင်းဒေသထွက် ဆန်များနှင့် မတ္တရာ၊ရွှေဘိုဒေသမှ ဆန်များမှာ စပါးပေါ်ချိန်ကာလတွင် မန္တလေးဈေးကွက်သို့ နေ့စဉ် ဆန်အိတ် တစ်သိန်းခွဲခန့် ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံသို့ ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် စာချုပ် ချုပ်ဆိုတင်ပို့ရန်နှင့် တရုတ်နိုင်ငံအစိုးရက မူဆယ်နယ်စပ်မှတစ်ဆင့် ပါမစ်ဖြင့် တင်သွင်းခွင့်ပြုသည့် ဆန် အနည်းငယ်သာရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

 

သူရိန်လင်း