မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး နိုဝင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် မန်းရွှေစက်ဘုရား ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ပြီးစီးမှု အခြေအနေများ၊ ဓာတ်လှေကားအနီး ကားတက်လမ်းနှင့် မြေနေရာ ရှင်းလင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ အထက်စက်တော်ရာ၊ အောက်စက်တော်ရာ၊ မန်းချောင်းအပါအဝင် မန်းရွှေစက်တော်ဘုရားကြီးပရဝုဏ် အတွင်းနှင့်အပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ရွှေစက်တော်အဝင် (၃) မိုင်လမ်းတွင် မိုးတွင်းကာလ တောင်ကျရေများ ဖြတ်သန်းစီးဆင်းမှုကြောင့် ရေကျော်လမ်းများ ပျက်စီးနေမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မန်းရွှေစက်တော်ဘုရားသို့သွားရာ ပုသိမ် - မုံရွာ ကားလမ်းမပေါ်ရှိ မြို့နယ်ဧရိယာအတွင်း၌ မိုးတွင်းကာလတွင် ပျက်စီးခဲ့သောလမ်းများနှင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

 

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏  လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အချိန်တိုအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

 

မောင်မောင်(မင်းဘူး)