မန်းရွှေစက်တော်ဘုရားကြီး ခြေတော်ရာဖွင့်ပွဲနှင့်အတူ ကိုးခန်းကြီးတန်ဆောင်းတော်ကြီးဖွင့်ပွဲနှင့် အထက်စက်တော်ရာ ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်

မင်းဘူး  ၂၀  ဇန်နဝါရီ

 

၂၀၂၀ ခုနှစ် မန်းရွှေစက်တော်ဘုရား၊ ခြေတော်ရာဖွင့်ပွဲကို တပို့တွဲလဆန်း(၅)ရက် ဇန်နဝါရီ ၂၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော်မည်ဖြစ်ရာ ခြေတော်ရာဖွင့်ပွဲနှင့်အတူ ကိုးခန်းကြီး တန်ဆောင်းတော်ကြီး ဘက်စုံပြုပြင်ခြင်းဖွင့်ပွဲနှင့် အထက်စက်တော်ရာရွှေထီးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲတို့ကိုလည်း တစ်နေ့တည်း ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးထံမှ သိရသည်။

 

“မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ(၂၉)ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်၊ အထက်စက်တော်ရာရှိ ကိုးခန်းကြီးတန်ဆောင်းကြီးဖွင့်ပွဲနှင့် အထက်စက်တော်ရာ ရွှေထီးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲတို့ကိုလည်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်၊ ဖွင့်ပွဲကို သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရက ဖွင့်လှစ်ပေးပြီး ညပိုင်းမှာ ဆရာတော်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်းတရားများ ဟောကြားပေးမှာဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

 

ကိုးခန်းကြီးတန်ဆောင်းတော်ကြီးအား သိန်းပေါင်း(၅၆၀၀)ခန့် အကုန်အကျခံကာ အနုစိတ်လက်ရာများနှင့် ဘက်စုံပြုပြင်မွန်းမံခဲ့ခြင်းဖြစ်ကြောင်းနှင့် ခြေတော်ရာဖွင့်ပွဲအကြိုနေ့ ဇန်နဝါရီ ၂၈  ရက် ညပိုင်းတွင် နိုင်ငံကျော်တေးသံရှင် အဆိုတော် မာမာအေး၊ ရန်ပိုင်စိုး၊ ဗညားဟန်၊ စိုးစန္ဒာထွန်း၊ အက်စတာ၊ အေးမြဖြူတို့နှင့် နိုင်ငံကျော်တေးသံရှင်များမှ ဖျော်ဖြေဧည့်ခံသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် ဦးမြင့်နိုင်ထံမှ သိရသည်။

 

“ယခုနှစ်ဘုရားပွဲတော်မှာ တည်းခိုခန်းခတွေဈေးမကြီးအ ောင်လေလံဆွဲမဲ့ လုပ်ငန်းရှင်တွေကို ကြမ်းခင်းဈေး သတ်မှတ်ချက်အတိုင်း မဲနှိုက်ပြီးချထားပေးခဲ့ပါတယ်၊ ပွဲတော်မှာရာဇဝတ်မှုတွေ ပြဿနာတွေ မကျူးလွန်နိုင်အောင် ပွဲတော်အတွင်းအဆင့်မြင့် cctv အလုံး(၅၀) တပ်ဆင်ထားပါတယ်၊ ပွဲတော်ကာလ အတွင်း လုံခြုံရေးဝန်ထမ်း (၃၀) ကလည်း ပွဲတော်အတွင်း လှည့်လည်တာဝန် ထမ်းဆောင်ရင်း ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်အောင် အတတ်နိုင်ဆုံး တာဝန်ထမ်းဆောင်ကြမှာပါ”  ဟု ဘုရားပွဲတော်ဂေါပက ဦးမြင့်နိုင်က ပြောသည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးအား ဇန်နဝါရီ ၂၉ ရက်မှ မတ်လ ၁၈ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် နှစ်စဉ်နှစ်တိုင်း အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်ကြောင်းလည်း သိရသည်။

မေသူလွင်(မကွေး)