မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများထားရှိမည့် နေရာများစစ်ဆေး

သထုံ   ၂၉   မေ  

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူများကို ထားရှိမည့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းနေရာများ စီစဉ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်အချိန်အတွင်း ယခုနေရာများ၌ (၂၁)ရက် ကန့်သတ်စောင့်ကြည့်ရန် ဒေသအသီးသီးမှ နေရပ်ပြန်ပြည်သူများ ထားရှိသွားမည်ဖြစ်ရာ ပြည့်စုံစွာစီစဉ်ထား စေလိုကြောင်း၊ လိုအပ်ချက်များကို စစ်ဆေးတင်ပြစေလိုပြီး ဖြည့်စွက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းသို့စစ်ဆေးရာတွင် သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် တာဝန်ရှိသူများက ကျန်းမာရေး၊ လုံခြုံရေးနှင့် စားသောက်နေထိုင်မှု၊ ရေ/မီး တပ်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်တို့ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်တို့ကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

သထုံမြို့နယ်တွင် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ကြာပန်းကျေးရွာရှိ စက်မှုသင်တန်းကျောင်းနှင့် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်တို့၌ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူ ၃၇၆ ကိုထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း သုံးခုစီစဉ်ထားကြောင်း သိရသည်။

 

သက်ဦး(သထုံ)