မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့အား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အပါအဝင် အသင်း၏ ဆောင်ရွက်မှုများ ဆွေးနွေး

ရန်ကုန် ၁၂ ဇူလိုင်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် သီးခြားစီ သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီမှ ကိုဗစ်-၁၉ ကာလများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်လုပ်ငန်းများတွင်လည်း ယခုကဲ့သို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် ပြောကြားသည်။

ဆက်လက်၍ အသင်းဥက္ကဋ္ဌက အသင်း၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး ပြည်နယ်အတွင်း လူမှုကရုဏာလုပ်ငန်းများ အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

ထို့အတူ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ပြည်နယ်လူမှုဝန်ကြီး ဦးဘိုဘိုဝေမောင်တို့အား ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များကို တင်ပြခဲ့သည်။ ယင်းနောက် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ပြည်နယ်အတွင်း လူမှုကရုဏာ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

အသင်းဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇူလိုင် ၁၀ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ တော်ဝင်ရတနာ ဟိုတယ်တွင် ကရင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးစဉ် ပြည်နယ်အတွင်း ခရိုင်/မြို့နယ် ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ခရိုင်/မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် အင်အားအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အသင်းဥက္ကဋ္ဌမှ ပြည်နယ်အတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအမှတ်အသားပါ ဝတ်စ်ကုတ် အထည်(၅၀)ကို ပေးအပ်သည်။

ထို့နောက် ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းစီစဉ်ပေးသည်။

ယင်းနောက် ဘားအံမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘားအံခြေတုလက်တု ပြန်လည်သန်စွမ်းရေး ဌာနအတွင်း ဆောင်ရွက်နေမှုများကို ကြည့်ရှု့လေ့လာပြီး အသင်းဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဇူလိုင် ၁၁ ရက်တွင် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့သည် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး၌ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် အဖွဲ့အား တွေ့ဆုံခဲ့သည်။ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးတို့က ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ခရိုင်/မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဖွဲ့စည်းပုံများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးပြီး ပြည်နယ်အတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတံဆိပ်ပါ ဝတ်စ်ကုတ်အထည်(၅၀)ကို ပေးအပ်သည်။ ထို့နောက် ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံးနှင့် ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးသို့ ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။

ဝင်းအောင်(MRCS)