မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၌ အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၀)ဖွင့်၊ အမြှုပ်မီးသတ်ယာဉ်နှင့် စက်လှေပေးအပ်

မော်လမြိုင် ၁၃ ဇူလိုင်

 

မွန်ပြည်နယ်၊ မီးသတ်ဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီတွင် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၀) ဖွင့်ပွဲနှင့် အမြှုပ်မီးသတ်ယာဉ်၊ စက်လှေပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မှ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဝယ်ယူထားသော အမြှုပ်မီးသတ်ယာဉ်နှင့် စက်လှေများအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး  အမြှုပ်မီးသတ်ယာဉ်၊ စက်လှေနှင့် ဆိုင်သော စာရွက်စာတမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံများထံ လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ မော်လမြိုင်မြို့နယ် Quarantine Centre များတွင် တာဝန်ထမ်းဆောင်နေသော သန္ဓေအရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦးအား ထောက်ပံ့ငွေနှင့် ယူနီဖောင်းများကို ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ တို့က ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၃ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသား ၅၀ ဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

စမ်းစမ်းနွယ်(ပြန်/ဆက်)