မည့်-မဲ့၊ လျှင်-ရင်၊  အလျင်-အရင်

mdn

မောင်ခင်မင် (ဓနုဖြူ)

 

“ဆရာ၊ ဒုတိယအကြိမ်ထုတ်တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို သမီးတို့ဝယ်ပြီးကြပါပြီ။ ဆရာပြောတဲ့အတိုင်း ဖြည့်စွက်ထားတဲ့စကားလုံးတွေကို ဘယ်လို စာလုံးပေါင်းရမယ်ဆိုတာလည်း လေ့လာနေပါတယ်”

 

“ကောင်းပါတယ်ကွယ်။ ဒါဆိုရင် ဇဝေဇဝါဖြစ်စရာ မရှိတော့ဘူးပေါ့”

 

“ဟုတ်ကဲ့ပါ။ တစ်ခုပါပဲဆရာ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာမပါတဲ့ စာလုံးတွေကို ဘယ်လိုရေးရမလဲ ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်”

 

“စာလုံးပေါင်းသတ်ပုံကျမ်းမှာ မှားတတ်တဲ့ သတ်ပုံတွေကိုပဓာနထားပြီး ပြတာမို့ မပါရင်တော့ မှားစရာမရှိလို့ ဖြစ်မယ်ထင်တယ်”

 

“ဘယ်လိုအသုံးမျိုးလဲဆရာ”

 

“အရင်တစ်ခါ ဆရာပြောဖူးပါတယ်။ “မြည်သံစွဲ” လို့ ခေါ်တဲ့ စကားလုံးတွေကို စဉ်းစားကြည့်လေ။ ဆိုပါတော့ကွာ။ သေနတ်သံကို ရေးရင် ဘယ်လိုရေးရမလဲ”

 

“ ဒိုင်း လို့ရေးရပါမယ် ဆရာ”

 

“အဲဒီစာလုံးက စာလုံးပေါင်းသတ်ပုံကျမ်းမှာ မပါဘူး လေ။ ဘာဖြစ်လို့ မပါတာလဲလို့ စဉ်းစားကြည့်ရင် စာလုံး ပေါင်းမှားစရာမရှိလို့ မပါတာလို့ ဆိုနိုင်တာပေါ့။ ‘ဒိုင်း’ ဆိုတဲ့အသံအတွက် စာလုံးပေါင်း ဒီတစ်မျိုးပဲ ရှိတယ်”

 

“ဟုတ်ပါတယ် ဆရာ”

 

“ကဲ... သတ်ပုံကျမ်းမှာ ကြည့်လိုက်။ ‘ဒိုင်း’ မပါပေမယ့် “ဒိတ် ဒိတ် (မြည်သံ)” ဆိုပြီး ပါတယ်မဟုတ်လား”

 

“ပါပါတယ် ဆရာ”

 

“နှလုံးခုန်တဲ့ အသံမျိုး “တဒိတ်ဒိတ်ခုန်နေတယ်” လို့ရေးရင် ‘ဒိတ်ဒိတ်’ပါရမှာလေ။ ဒါပေမယ့် ဒိတ်ဒိတ်ဆိုတဲ့ အသံအတွက် ‘ဒိပ်ဒိပ်’ လို့လည်း ရေးနိုင်တယ်မဟုတ်လား။ စာလုံးပေါင်းပုံတစ်မျိုးထက်ပိုတော့ ဘယ်လိုပေါင်းရမယ် ဆိုတာသိအောင် “ဒိတ်ဒိတ်”ကို ထည့်ပြရတာပေါ့ကွယ်”

 

“ရှင်းပါပြီဆရာ။ နောက်တစ်ခုက “ပေမဲ့” ဆိုတဲ့စကား ကို တချို့က ‘ပေမဲ့’ လို့ရေးပြီး တချို့က ‘ပေမယ့်” လို့ ရေး တာတွေ့ပါတယ် ဆရာ”

 

“ဒီတော့ ”

 

“အရင် စာလုံးပေါင်းသတ်ပုံကျမ်းမှာ အဲဒီစာလုံးမပါပါဘူး "

 

“ဟုတ်ပါပြီ"

 

“ဒုတိယအကြိမ်ထုတ်တဲ့ စာအုပ်မှာတော့ မဲ့(မည့်) လို့ ပါပါတယ်ဆရာ။ နှုတ်ပြောစကား ‘မဲ့’နဲ့ စာသုံးစကား “မည့်” တူတာ ဟုတ်ပါတယ်။ အသုံးမှာ လာမည့်လူလို့ရေးတာကို နှုတ်ပြောမှာ “လာမဲ့လူ” လို့ ရေးရမယ်လို့ ဆိုလိုတာပါ”

 

“တစ်ခုမေးပါရစေဆရာ။ စာသုံး ‘မည်’ကို အပြောသုံးနဲ့ ဖလှယ်ရင် ‘မယ်’ လို့ယသတ်နဲ့ ရေးရတယ်မဟုတ်ပါလား"

 

“ဟုတ်ပါတယ်။ မြန်မာအဘိဓာန်မှာလည်း မယ်ကို (အ) လို့ပြပြီး ‘မည်’ နဲ့ အတူတူလို့ ပြထားတယ်။ အဲဒီ လို့ပဲ ‘တယ်’ ကိုလည်း(အပြော)လို့ပြပြီး ‘သည်’နဲ့ အတူတူ လို့ ပြထားတယ်”

 

“ဟုတ်ကဲ့။ အခု “လာမည့်လူ”ကျတော့ “လာမယ့်လူ” လို့ မရေးရဘဲ ဘာကြောင့် “လာမဲ့လူ” လို့ နောက်ပစ်နဲ့ ရေးရ တာပါလဲ ဆရာ”

 

“ဟုတ်ပါတယ်။ ‘မည်’ နဲ့ ‘မယ်’ နဲ့တူရင် အောက်မြစ် ပါတဲ့ ‘မည့်’ ဟာလည်း ‘မယ့်’ နဲ့ တူရမှာပေါ့။ ‘လာမယ့်လူ’ လို့ ရေးတာမမှားပါဘူး”

 

“ဟုတ်ကဲ့”

 

“တစ်ခါ ယသတ်နဲ့ နောက်ပစ်နဲ့လည်း အတူတူပဲလေ။ အသံချင်းတူတယ် “ကယ့်” နဲ့ “ကဲ့”၊ “တယ့်” နဲ့ “တဲ့” အသံ ထွက်ချင်းတူတယ် မဟုတ်လား။

 

“တူပါတယ် ဆရာ”

 

“အဓိကဆိုင်တာက “တယ်” နဲ့ “မယ်” ပဲ။ အောက်မြစ် နဲ့ရေးရင်လည်း လာတယ့်လူ၊ လာမယ့်လူလို့ တစ်ညီတည်း ရေးရမှာပေါ့”

 

“ဟုတ်ကဲ့ပါ”

 

“ဒါဆိုရင် ‘လာတယ့်လူ’ဆိုတဲ့ ရေးထုံးကို တွေ့ဖူးသလား”

 

“အဲ... မတွေ့ဖူးပါဘူး ဆရာ။ “လာတဲ့လူ” လို့ပဲ တွေ့ဖူး ပါတယ်”

 

“ ‘လာတယ့်လူ’ နဲ့ ‘လာတဲ့လူ’ဆိုပြီး ရေးထုံးနှစ်မျိုး ရှိတာမှာ ‘တဲ့ ‘က အရင်ကတည်းက သုံးလာတာ အသုံးတွင် နေပြီလေ။ “တယ်” လို့ ပြောင်းသုံးဖို့ မလွယ်တော့ဘူး”

 

“ဟုတ်ကဲ့ပါ”

 

“ဒီတော့ သဘောချင်းအတူတူ “တဲ့” ကျတော့နောက်ပစ်နဲ့ရေးပြီး “မယ့်”ကျတော့ ယသတ်နဲ့ ရေးရင် အသုံး မညီညွတ်ဘူးပေါ့ကွယ်။ လိုရင်းပြောရရင် ‘တဲ့’ က အသုံးတွင်နေပြီဖြစ်လို့ ‘မဲ့’ ကိုလည်း “တဲ့’နဲ့ ‘ပေမဲ့”လို့ရေးပြီး တချို့က “ပေမယ့်” လို့ ရေးကြတာပေါ့”

 

“ဟုတ်ကဲ့ပါ"

 

“ဒါပေမယ့် အခုဒုတိယအကြိမ်ထုတ်တဲ့ မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်း၊ အဲ... စာမျက်နှာ ၁၉၆မှာ မဲ့(မည့်)လို့ ပြထားတယ်။ စာသုံး ‘မည့်’ နဲ့ အသုံး ‘မဲ့’ နဲ့ အတူတူလို့ ဆိုလိုတာပါ။ ပြီးတော့ စာမျက်နှာ ၁၂၃ မှာ “ဒါပေမဲ့” လို့လည်း ပြထားတယ်။ တွေ့တယ်မဟုတ်လား”

 

“ဟုတ်ကဲ့။ တွေ့ပါတယ် ဆရာ”

 

“ဒီတော့ “လာမဲ့လူ” တို့၊ “ဒါပေမဲ့”တို့ကို နောက်ပစ်နဲ့ ရေးမှ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနဲ့ ညီမှာပေါ့ကွယ်”

 

“ဆရာ၊ တချို့က ‘ဒါပေမဲ့’ မှာ ‘မဲ့’က မရှိတဲ့ အဓိပ္ပာယ်မို့ မသုံးသင့်ဘူးလို့ ပြောကြပါတယ် ဆရာ”

 

 “အင်း... ဒါကတော့ဘာသာစကားရဲ့ သဘောသဘာဝကို နားမလည်လို့ပြောတာပါ။ စကားလုံးတစ်လုံးဟာ အဓိပ္ပာယ်တစ်ခုတည်းရှိတာမှ မဟုတ်တာ။ အခု ‘မဲ့’ ဆိုတဲ့ စကားလုံးဟာ “ကင်းမဲ့တယ်၊ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရှိသလို အနာဂတ်ကာလကိုပြတဲ့ “မည့်’ နဲ့တူတဲ့ နှုတ်ပြော စားဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတာပဲလေ”

 

“ဟုတ်ကဲ့ပါ”

 

“ခု ‘မဲ့’ကို မရှိတဲ့ အဓိပ္ပာယ်လို့ ပြောတဲ့သူတွေက စကားလုံးတစ်လုံးမှာ အဓိပ္ပာယ် တစ်ခုတည်းရှိတယ်ထင်ပြီး ပြောနေကြတာပါ။ ကဲ... သိလွယ်တဲ့ သာဓကတစ်ခုပြောမယ်။ ‘က’ ဆိုတဲ့ စကားလုံးကိုပဲကြည့်။ “ကခုန်တယ်’လို့လည်း အဓိပ္ပာယ်ရတယ်။ ရထားမှာ မြင်းတပ်တာကို မြင်းက တပ်လို့ သုံးတာမို့ အဲဒီအဓိပ္ပာယ်လည်း ရတယ်။ ‘သူက ပြောတယ်’ ဆိုရင် ပြုလုပ်သူကို ပြတဲ့အဓိပ္ပာယ်၊ ‘အိမ်က လာတယ်’ ဆိုရင် ထွက်ခွာရာပြတဲ့ အဓိပ္ပာယ်၊ မန္တလေးက သူငယ်ချင်းဆိုရင် တည်ရှိရာကို ပြတဲ့အဓိပ္ပာယ်၊ ‘မနေ့က’ ဆိုရင် အချိန်ပြတဲ့ အဓိပ္ပာယ်မဟုတ်လား။ စကားတစ်လုံးမှာ အဓိပ္ပာယ်အမျိုးမျိုးရှိတာမို့ ‘မဲ့’ ဆိုတာ ကင်းမဲ့တဲ့ အဓိပ္ပာယ်လို့ပဲ ပြောတာဟာ ဘာသာစကားရဲ့ သဘောကို နားမလည် လို့ ပြောတာပါကွယ်”

 

“ရှင်းပါပြီဆရာ”

 

“မည့်နဲ့ မဲ့အသံပြောင်းသွားပြီး စာစကားနဲ့ နှုတ်ပြော စကားကွဲသွားတာမျိုး စကားလုံးနှစ်လုံးကို ဒုတိယအကြိမ် ထုတ်တဲ့ သတ်ပုံကျမ်းမှာ ဖြည့်ထားတာရှိသေးတယ်။ ‘လျှင်’ ကနေပြောင်းလာတဲ့ ‘ရင်’ ရယ်၊ ‘အလျင်’ကနေ ပြောင်းလာတဲ့ ‘အရင်’ ရယ်”

 

 “ဟုတ်ကဲ့ပါ”

 

“စာသုံးစကားမှာ ‘သူလာလျှင် ငါသွားမည်’ လို့ ရေးတာကို နှုတ်ပြောစကားမှာ ‘သူလာရင် ငါသွားမယ်’ လို့ ရေးရတယ် မဟုတ်လား”

 

“ဟုတ်ပါတယ် ဆရာ”

 

“မူလတုန်းက ‘လျှင်’ လို့သုံးပြီး နောက်တော့ ‘ရင်’ လို့ပြောင်းလာတာပေါ့။ ဒါပေမယ့် အရင်သတ်ပုံကျမ်းမှာ အဲဒီ ‘ရင် ‘မပါဘူး။ ဒီတော့ အပြောစကားမှာလည်း ‘သွားလျှင် လာလျှင်’လို့ ရေးရမလို ဖြစ်နေတာပေါ့။ ပြီးတော့ အပြောစကားအနေနဲ့ ရေးရင်လည်း “ရင်” လို့ရေးရမလား။ “ယင်” လို့ ရေးရမလား ပြဿနာရှိတာပေါ့။ အသံတူနေတာကိုး”

 

“ဟုတ်ကဲ့၊ ဒုတိယအကြိမ်ထုတ်တဲ့ သတ်ပုံကျမ်းမှာတော့ စာမျက်နှာ ၂၃၀ မှာ ရင်(လျှင်)ဆိုတဲ့ စကားလုံးကို ဖြည့်ထားတာတွေ့ပါတယ် ဆရာ။ “ရင်” လို့ရေးရမယ် ဆိုတာ မှတ်သားထားပါတယ်”

 

“ဟုတ်ပြီ။ အဲဒီလိုပဲ၊ ‘အလျင်’ ဆိုတဲ့ စကားက အသုံးဆိုတော့ အပြောစကားဆိုရင် ‘အရင်’ လို့ ရေးရ မှာပေါ့။ ဒါလည်း အရင်သတ်ပုံကျမ်းမှာမပါတော့ ‘အလျင်’ လို့ရေးမှ မှန်သလိုလိုဖြစ်နေတာ၊ အခု ဒုတိယအကြိမ် ထုတ်မှာ စာမျက်နှာ ၂၈၅ မှာ အရင် (အလျင်)လို့ ဖြည့်ထားတာမို့ ပြဿနာရှင်းသွားပါပြီ။ ‘အရင်တုန်းက’ ဆိုတာ မျိုးရေးလို့ရပါတယ်”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ... ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ နားကြစို့။ မင်းတို့လက်ထဲမှာ ဒီသတ်ပုံစာအုပ် ရှိနေပြီဆိုတော့ မသဲကွဲတဲ့ စာလုံးပေါင်းတွေကို သဲကွဲအောင် လေ့လာပေါ့ကွယ်။ ခုခေတ်မှာ နှုတ်ပြောစကားဟန်နဲ့ တွင်တွင်ကျယ်ကျယ် ရေးနေကြတာ မင်းတို့အသိပဲလေ။ မင်းတို့ကိုယ်တိုင်လည်း ရေးနေကြတာမဟုတ်လား”

 

“ဟုတ်ပါတယ် ဆရာ။ အင်တာဗျူးတို့ ၊ စကားဝိုင်း ဆွေးနွေးခန်းတို့ကို နှုတ်ပြောစကားနဲ့ ရေးရပါတယ်”

 

“ဒီတော့ နှုတ်ပြောစကားကို နှုတ်ပြောစကားနဲ့ တူအောင် ပီပီသသ ရေးတတ်ဖို့လိုတာပေါ့ကွယ်။ အထူး သဖြင့် နောက်ဆက်ပစ္စည်းလို့ခေါ်တဲ့ ‘နဲ့” တို့ “လဲ’တို့၊ ခုပြောခဲ့တဲ့ ‘တဲ့’ တို့ ‘မဲ့’ တို့ကို စာလုံးပေါင်းမှန်မှန်ကန်ကန် အသုံးစကား ပီပီပြင်ပြင်ဖြစ်အောင် ရေးကြရမှာပေါ့ကွယ်"။

 

မြန်မာ့အလင်း