မွန်မြတ်သော သွေးလှူရှင်များအတွက် သတင်းစကား

mdn

သတင်းဆောင်းပါး - ဒေါက်တာ သီတာအောင်

 

သွေးလိုအပ်တဲ့ လူနာတွေအတွက် ထောက်ပံ့နိုင်အောင် ကြိုးစားနေတဲ့အချိန်မှာ အမျိုးသား သွေးဌာနရဲ့ မိသားစုဝင်လိုဖြစ်တဲ့ သွေးလှူရှင်တွေရဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ထောက်ပံ့ပေးသွားကြတဲ့ ရလဒ်တွေကို တင်ပြလိုပါတယ်။ သွေးလှူဘဏ် လုပ်ငန်းရဲ့ လုပ်ဆောင်မှုတွေအားလုံး မဟုတ်ပါဘူး။ ထင်သာမြင်သာတဲ့ ကိန်းဂဏန်းတချို့ကိုသာ ဖော်ပြလိုတာ ဖြစ်ပါတယ်။

 

လှူဒါန်းမှုစုစုပေါင်း

 

၂၀၁၉ ခုနှစ်မှာ သွေးလှူရှင်စုစုပေါင်း ၁၀၅၁၉၁ ဦးက လှူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၆ ခုနှစ်က လှူဒါန်းမှုဦးရေ ၆၇၀ဝ၀ ထက် ၅၀ ရာခိုင် နှုန်းအထိ တိုးတက်လာတာဖြစ်တဲ့အတွက် လှူဒါန်းပေးတဲ့ သွေးလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်။

 

ထောက်ပံ့နိုင်သည့်သွေးယူနစ်များ

 

၁၉၄၅၀၈ ယူနစ်ရှိတဲ့ သွေးနဲ့ သွေးပစ္စည်းတွေကို ရန်ကုန်မြို့ပေါ်မှ သွေးလိုအပ်တဲ့ လူနာတွေအတွက် ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။ သွေးလှူရှင် ၁၀၅၁၉၁ ဦးထဲမှ လူနာ ၁၉၄၅၀၈ ဦးကို ထောက်ပံ့နိုင်တယ်ဆိုတာ ဘာကြောင့်ပါလဲလို့ မေးမြန်းချင်ကြပါလိမ့်မယ်။ ဒါဟာ မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ အဓိကကတော့ သွေးလှူဒါန်းမှုတစ်ခုမှ သွေးပစ္စည်းနှစ်မျိုး သို့မဟုတ် သုံးမျိုးခွဲထုတ် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လှူဒါန်းမှု တစ်ခုတည်းမှ အများဆုံးရောဂါသုံးမျိုးရှိတဲ့ လူသုံးမျိုးကို ကုသမှုခံယူနိုင်အောင် ကူညီနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မွေးနေ့အထိမ်းအမှတ်လှူဒါန်းမှုများ

 

မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်း ၁၁၂၈ ဦး လှူဒါန်းခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၂၅၇၁ ဦး လှူဒါန်း ခဲ့တာကြောင့် မွေးနေ့မှာ လှူဒါန်းတဲ့ သွေးလှူရှင်တွေ ယခင်နှစ်ထက် နှစ်ဆပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။ သွေးလှူဒါန်းမှု ပြုတာဟာ မိမိတို့မွေးနေ့အထိမ်း အမှတ်ပြုလုပ်တဲ့ ဒါနများစွာအနက် မွန်မြတ်တဲ့ ဒါနပြုမှုတစ်ခုဖြစ်တာကြောင့် မိမိတို့ရဲ့ မွေးနေ့အထိမ်းအမှတ် အမှတ်တရအဖြစ် လူနာတွေအတွက် လာရောက်လှူဒါန်း ပေးမှုကို များစွာအားရမိပါတယ်။ မိမိတို့ဌာနမှ မွေးနေ့ရှင် တွေရဲ့ နေ့ထူးနေ့မြတ်လှူဒါန်းမှုအတွက် မြန်ဆန်စွာ ဆောင်ရွက်ပေးမှုကလွဲပြီး ကျေနပ်လောက်တဲ့ တုံ့ပြန်မှု မပြုလုပ်နိုင်တဲ့အတွက်လည်း စိတ်မကောင်း ဖြစ်မိ ပါတယ်။ ဒါပေမယ့် မွေးနေ့ရှင်တွေရဲ့ မွန်မြတ်တဲ့ စေတနာမှာ တခြားပြည်သူတွေအတွက်လည်း ကျေနပ်ပျော်ရွှင်မှုကို ဖြစ်စေခဲ့တာမို့ ကျေနပ်မိပါတယ်။

 

အကယ်၍ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ နေထိုင်သူအားလုံးဟာ မိမိတို့ရဲ့ မွေးနေ့မှာ အခုလိုမွန်မြတ်တဲ့ အလှူကို လူတိုင်းပြုလုပ်နိုင်ခဲ့ရင် နှစ်တိုင်း အနည်းဆုံးသုံးသန်းခန့် လှူဒါန်းမှုတွေနဲ့ လူနာတွေကို ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မည်သို့ပင်ဖြစ်စေ အခုလှူဒါန်းနေတဲ့ မွေးနေ့ရှင်တွေကို ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ဖို့ လမ်းပြနေသူတွေအဖြစ် လေးစားမိပါတယ်။

 

Online Booking

 

၂၀၁၉ ခုနှစ်မှာ Online Booking နဲ့ Appointment ယူပြီး မိမိတို့အားလပ်ချိန်မှာ သွေးလာရောက်လှူဒါန်း သူပေါင်း ၄၃၀၈ ဦးရှိတာ  တွေ့ရပါတယ်။ အခုလို Appointment နဲ့ လာရောက်လှူဒါန်းသူတွေအနေနဲ့ မိမိတို့ရဲ့ များပြားတဲ့ လုပ်ငန်းတွေ ကနေ အချိန်ရအောင်  ကြိုးစားပြီး လူနာတွေအတွက် လာရောက်ကူညီတယ် ဆိုတာ ကောင်းစွာနားလည်မိပါတယ်။ ဒါကြောင့် လှူဒါန်းဖို့ လာရောက်ရာမှာ ပိုမိုလျင်မြန်စွာနဲ့ အဆင်ပြေနိုင်ဆုံးဖြစ်အောင် ကြိုးစားကူညီပေးခဲ့တာကို သိရှိကြမယ်လို့ထင်ပါတယ်။ အခုလို လှူဒါန်းပေးတာကို ပြန်လည်ပြီး ကျေးဇူးဆပ်နိုင်ဖို့၊ လာရောက်လှူဒါန်းသူတွေ အဆင်ပြေစေဖို့အတွက် မိမိတို့ရဲ့ ဝန်ဆောင်မှုကို အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်လို့ ကတိပြုပါတယ်။

 

 ပုံမှန်ပြန်လည်လှူဒါန်းပေးကြသော သွေးလှူရှင်များ

 

 သွေးလှူရှင်ဦးရေ ၂၀ဝ၀ဝ တို့ဟာ တစ်နှစ်အတွင်း နှစ်ကြိမ်ကနေ သုံးကြိမ်အထိ လှူဒါန်းမှုပြုခဲ့ကြသူတွေဖြစ် ပြီး စုစုပေါင်းထောက်ပံ့မှုရဲ့ ၅၀ ရာခိုင်နှုန်းမှာ ၎င်းတို့ရဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ အခုလို အကြိမ်ကြိမ် လှူဒါန်းသူတစ်ဦးဖြစ်ပါက အမျိုးသားသွေး ဌာနက ထောက်ပံ့နေတဲ့ လူနာတွေအတွက် စွမ်းဆောင် ပေးနိုင်တဲ့ ဂုဏ်ယူဖွယ်ရာ အရေးပါတဲ့ မိသားစုဝင် တစ်ယောက်အဖြစ် ကျေနပ်စေလိုပါတယ်။ မိမိတို့ရဲ့ လှူဒါန်းမှုဟာ လူနာတွေအတွက် ကိုယ်တိုင်လှူဒါန်းမှုအဖြစ် အထောက်အပံ့ပေးသကဲ့သို့ မိမိတို့ပတ်ဝန်းကျင် ကိုလည်း မွန်မြတ်တဲ့ အလေ့အကျင့်ကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မိမိတို့ရဲ့ ကောင်းမွန်တဲ့လုပ်ရပ်က ရရှိလာတဲ့ ရလဒ်ကောင်းတွေ သာဖြစ်ပါတယ်။ ဥပမာ- မိမိတို့သားသမီးတွေ ၁၈ နှစ် ပြည့်မြောက်တဲ့နေ့မှာ သွေးလှူဒါန်းဖို့နဲ့ ကောင်းမှုပြုနိုင်ဖို့ ပံ့ပိုးပေးခဲ့ကြတဲ့ မိဘတွေကို တွေ့ကြုံခဲ့ရပါတယ်။ ၎င်းတို့ရဲ့ မြေတောင်မြှောက်မှုနဲ့ ပေါက်ဖွားလာတဲ့ သားကောင်း သမီးကောင်းတွေဟာ ၎င်းတို့ ပတ်ဝန်းကျင် မှာရှိတဲ့ ရွယ်တူလူငယ်တွေကို နောက်တစ်ကြိမ်လှူဒါန်းမှု ပြုချိန်မှာ ခေါ်ဆောင်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ မိမိတို့ရဲ့ မွန်မြတ်တဲ့ အလေ့အကျင့်တွေ ပိုမိုကျယ်ပြန့်စွာ ကြီးထွားလာတာပဲဖြစ်ပါတယ်။

 

လူငယ်များ၏လှူဒါန်းမှု

 

လေးလပြည့်တဲ့အချိန်တိုင်း မှန်မှန်ပြန်လည် လှူဒါန်း မှုပြုကြတဲ့ လူငယ်လေးတွေ ပိုမိုတိုးပွားလာတာကိုလည်း သတိပြုမိပါတယ်။ တစ်ခါက လူငယ်လေးတစ်ဦးဟာ “တက္ကသိုလ်မှာ ကျောင်းတက်တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်မှစပြီး သွေးစတင်လှူဒါန်းခဲ့ပါတယ်။ အဲဒီထဲက လေးလပြည့် တိုင်း သွေးလှူဖြစ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် သွေး ဖောက်ပေးတဲ့ သူနာပြုလေးကို မှတ်မိနေပါတယ်။ နောက် တစ်ကြိမ် လှူဒါန်းတဲ့အခါ အဲဒီသူနာပြုလေးက သွေး ဖောက်ခန်းထဲမှာ မိမိအမည်ကို ခေါ်လိုက်တော့ ပျော်ရွှင် သလို ခံစားလိုက်ရပါတယ်။ တကယ်တော့ သူနာပြုလေး က မှတ်မိမှာ မဟုတ်ပေမယ့် သူတို့လေးတွေ ကျန်းမာစွာ နဲ့ သွေးလှူဘဏ်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေ တာကိုတွေ့ရတာ ဝမ်းသာမိတာပါ” လို့ ပြောသွားတာကို ကြားရတာ အလွန်ကြည်နူးမိပါတယ်။

 

အမျိုးသားသွေးဌာနမှာရှိတဲ့ သူနာပြုတွေဟာ သွေးလှူရှင်တိုင်း လှူဒါန်းနိုင်ဖို့ကူညီရတာဖြစ်လို့ သူနာပြု တစ်ယောက်ဟာ တစ်နှစ်လုံးမှာ သွေးလှူရှင် ၂၀ဝ၀ဝ  ခန့်ကို သွေးဖောက်ပေးရပါတယ်။ သူတို့အနေနဲ့ သွေး လှူရှင်အားလုံးကို ပြန်မမှတ်မိနိုင်ပေမယ့်လည်း သူတို့ရဲ့ ကျွမ်းကျင်မှုဟာ တခြားနိုင်ငံတွေက သွေးဖောက်သူတွေ ထက် ပိုမိုကျွမ်းကျင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ သူနာပြုတွေအတွက် ဂုဏ်ယူမိပါတယ်။ တစ်ခါတလေ အလုပ်ပင်ပန်းကြတဲ့အတွက် လူမှုဆက်ဆံ ရေးမှာ အဆင်မပြေဖြစ်တတ်တာကို ဝန်ခံပါတယ်။

 

သွေးလှူရှင် ၄၈၇၅၅ ဦးဟာ အသက် ၃၀ အောက် သွေးလှူရှင်တွေဖြစ်ပါတယ်။ ဒါဟာ မိမိတို့ရဲ့ မျိုးဆက်သစ် လူငယ်လေးတွေမှာ မဆိုးသွမ်းတာကို ပြသနေတာ ဖြစ်ပါတယ်။ သူတို့လေးတွေကြောင့် အနာဂတ်မှာ လူနာ တွေအတွက် စဉ်ဆက်မပြတ်အဆင်ပြေစွာ ထောက်ပံ့ နိုင်မယ်လို့ ယူဆမိပါတယ်။ သူတို့လေးတွေရဲ့ ပြဿနာ တစ်ခုကတော့ ကိုယ်အလေးချိန်ပေါင် ၁၁ ရှိမှ လှူဒါန်းခွင့် ပြုတာဖြစ်လို့ လူငယ်တွေအားလုံးကို လှူဒါန်းခွင့်မပြု နိုင်ခဲ့ပါဘူး။ ဒါကြောင့် အစားအသောက်တွေ ဂရုစိုက်ပြီး ပိုမိုစားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။

 

ငယ်ရွယ်တဲ့ လူငယ်တွေရဲ့ ထောက်ပံ့မှုအပြင် ရင့်ကျက်တဲ့လူကြီးတွေရဲ့ လှူဒါန်းမှုကိုလည်း လျှော့တွက် လို့မရပါဘူး။ အသက် ၅၀ ကျော် သွေးလှူရှင်စုစုပေါင်း ၂၆၂၃ ဦး ရှိပါတယ်။ သူတို့ဟာ အခုချိန်ထိ ဆက်လက် လှူဒါန်းနေဆဲပါ။ အသက် ၆၅ နှစ်ကျော်ရင်တော့ အမှန် တကယ် စဉ်ဆက်မပြတ် လှူဒါန်းခဲ့တဲ့သွေးလှူရှင်ဖြစ်ပါက လှူဒါန်းခွင့်ပြုပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသက်အကြီးဆုံး လှူဒါန်းခဲ့သူဟာ ၇၂ နှစ်ရှိတဲ့ (၁၅၁) ကြိမ်မြောက် သွေးလှူရှင်ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် ကောင်းမှုပြုဖို့ အချိန်များစွာ ကျန်ရှိနေသေးကြောင်း အားပေးလိုပါတယ်။ မှန်မှန်သွေးလှူဒါန်းနိုင်ဖို့ ကြိုးစား ပေးကြပါလို့တိုက်တွန်း လိုက်ပါတယ်။

 

အခုဖော်ပြပါ ကိန်းဂဏန်းထဲမှ တချို့ဟာ လွန်စွာ ဂုဏ်ယူသင့်တဲ့ အရေအတွက်ဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေကိုယ်စား အမှန်တကယ် လေးစား ကျေးဇူးတင်ပါကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ်မှာလည်း ဆက်လက်ကူညီပံ့ပိုးပေးနိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်။