မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းအသုံးပြုနိုင်ရေး ရွှေဘိုမြို့တွင် မိုဘိုင်းလုပ်ငန်းရှင်များမှ အခမဲ့ဆောင်ရွက်ပေး

ရွှေဘို ၆ အောက်တိုဘာ

 

မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ ကြီးမှူး၍ မိုဘိုင်းလုပ်ငန်းရှင်များမှ အောက်တိုဘာ ၅ ရက်နှင့် အောက်တိုဘာ ၆ ရက် နှစ်ရက်တိုင်တိုင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ၊ ရွှေဘိုမြို့မ ရဲစခန်း ကျုံးအနီးတွင် အခမဲ့ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

အောက်တိုဘာ ၁ ရက်က မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်းကို တရားဝင် စတင်လိုက်တဲ့အတွက် ယူနီကုဒ်ပြောင်းမထားရင် ဘာအခက်အခဲရှိမလဲဆိုတော့ အရင်က ဖုန်းအော်ပရေတာတွေ ပို့သမျှ SMS မက်ဆေ့တွေ အမှန်အတိုင်း မြင်နေရတာကနေ အမှန်အတိုင်း မမြင်ရတော့ဘူး ဆိုတာ စဖြစ်လာပါမယ်၊ ဒါကြောင့် မိမိဖုန်းကို ယူနီကုဒ်ပြောင်းလဲဖို့ ကျွန်တော်တို့ အခမဲ့ကူညီဆောင်ရွက်ပေးနေပါတယ်၊ ယူနီကုဒ်ပြောင်းလိုက်လို့ ဖုန်းကယူနီကုဒ် ဖြစ်သွားပြီဆိုတော့ ကီးဘုတ်ကလည်း ယူနီကုဒ်ကီးဘုတ်နဲ့ စာရေးမှ အမှန်မြင်ရမှာပါ။ စာဖတ်ဖို့ရော စာရေးဖို့ရော ပြည့်စုံသွားတဲ့ ယူနီကုဒ် ဖုန်းတစ်လုံးဖြစ်သွားအောင် အခုလို ကူညီဆောင်ရွက်ပေးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်ဟု မိုဘိုင်းလုပ်ငန်းရှင်ဖြစ်သူ ဦးညီညီကျော်က ပြောသည်။

 

မြန်မာယူနီကုဒ်စံစနစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ “ပြည်သူတွေအတွက် အခုလို ဆောင်ရွက်ပေးတာ အရမ်းကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ဖုန်းကိုကိုင်သာနေတာ အခုလိုယူနီကုဒ်ပြောင်းဖို့ကြတော့ နားမလည် မလုပ်တတ်လို့ အခက်တွေ့နေတာ၊ အခုအားလုံးအဆင်‌ပြေသွားပါပြီဟု ယူနီကုဒ်ပြောင်းလဲမှု လာရောက်ဆောင်ရွက်သူ ရွှေဘိုမြို့ အမှတ်(၁)ရပ်ကွက် ပြင်ဈေးမြောက်ပိုင်းရပ်နေ ကိုအောင်ကျော်စိန်က ပြောသည်။

 

ယူနီကုဒ်ဆိုသည်မှာ တိုင်းရင်းသား ဘာသာစကားများ အပါအဝင် တစ်ကမ္ဘာလုံးရှိ ဘာသာစကားအများစုကို ကွန်ပျူတာစနစ်အားလုံးတွင် ရေးသားဖတ်ရှုနိုင်ရန်၊ အပြန်အလှန် တွဲဖက်အသုံးပြုနိုင်ရန်နှင့် အခြား အဆင့်မြင့် စွမ်းဆောင်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သတ်မှတ်ထားသော နိုင်ငံတကာ စံချိန်စံညွှန်းတစ်ခုဖြစ်ပြီး မြန်မာယူနီကုဒ်စံစနစ်သည် နိုင်ငံတကာစံချိန်စံညွှန်း အဖွဲ့အစည်း (ISO) ၏ ISO / ICE 10646 စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး မြန်မာစာ ရေးထုံးနှင့်လည်း ကိုက်ညီသည့် စနစ်တစ်ခုဖြစ်သည်။

 

မိုးသောက်(ရွှေဘို)