မြန်မာတက္ကသိုလ်ဘောလုံးအသင်း ထိုင်းကိုနိုင်ပြီး ဗိုလ်လုပွဲတက်

အရှေ့တောင်အာရှ တက္ကသိုလ်အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အိမ်ရှင်မြန်မာအသင်းသည် ထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် ငါးမှတ်သာရယူနိုင်သောကြောင့် ဗိုလ်လုပွဲတက်ရန် ထိုင်းနှင့် နောက်ဆုံးပွဲမှာ အရေးပါခဲ့ပြီး အနိုင်ရလဒ်ရယူနိုင်ခဲ့သောကြောင့် လာအို-မလေးရှားပွဲကို စောင့်ကြည့်စရာမလိုဘဲ ဗိုလ်လုပွဲတက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲကို စောစီးစွာတက်ရောက်ပြီးဖြစ်သည့် ထိုင်းအသင်းသည် ပုံမှန်သာကစားမှုကို မြန်မာအသင်းက အခွင့်ကောင်းယူကာ နိုင်ပွဲရယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် မလေးရှားနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲမှ ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် မဖြစ်မနေအနိုင်ရရန် လိုအပ်နေသောကြောင့် တိုက်စစ်ဖွင့်ကစားသော်လည်း တိုက်စစ်တွင် လိုအပ်ချက်များနေသောကြောင့် ထိုင်းနောက်တန်းကို ထင်သလောက်မထိရောက်ခဲ့ပေ။ ထိုင်းအသင်း၏ ထိုးဖောက်မှုများကိုလည်း မြန်မာနောက်တန်း ဖျက်ထုတ်နိုင်ခဲ့သည်။ ၃၉ မိနစ်တွင် မြန်မာအသင်း အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ညီညီအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရန် ကြိုးပမ်းသလို မြန်မာအသင်းကလည်း အနိုင်ရလဒ်ကိုထိန်းရန် ကြိုးပမ်းခဲ့သည်။ ၅၅ မိနစ်တွင် မြန်မာအသင်းမှ ရဲမင်းဦး နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရ၍ မြန်မာအသင်းတစ်ယောက်လျော့ဖြင့် ကစားရသော်လည်း ပွဲအပြီးထိ အနိုင်ရလဒ်ကို ထိန်းကစားခဲ့သည်။


အုပ်စုပွဲများအပြီးတွင် ထိုင်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ရှစ်မှတ်ဖြင့် အုပ်စုဒုတိယရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး လာအိုနှင့် မလေးရှားအသင်းမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃/၄ နေရာရအသင်းမှာ တတိယလုပွဲကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်