မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စာတမ်းဖတ်ပွဲများကျင်းပရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ၂ ဇွန်

 

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး စာတမ်းဖတ်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန၊ (ဗဟန်း) Community Centre ၌ ကျင်းပရာ စာတမ်းဖတ်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက စာတမ်းဖတ်ပွဲများနှင့်ပတ်သက်၍ စာတမ်းများရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး၊ စာတမ်းဖတ်ကြားမည့် အချိန်ကာလ သတ်မှတ်နိုင်ရေး၊ စာတမ်းဖတ်ပွဲများတွင် ဖတ်ကြားခဲ့သည့်  စာတမ်းများကို စာအုပ်အဖြစ် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး၊ သုံးစွဲကုန်ကျမည့် ကုန်ကျစရိတ်များကို လုပ်ငန်းစီမံချက် ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။

 

ယင်းနောက် ဆပ်ကော်မတီအဖွဲ့ဝင်များက နိုင်ငံတကာမှ ကမ္ဘာ့ရုပ်ရှင်အတွေ့ အကြုံမျှဝေခွင့်အတွက် လာရောက်ဖတ်ကြားနိုင်မည့် စာတမ်းများ ပါရှိနိုင်ရေး၊ ပြည်တွင်း စာတမ်းများတွင် ရုပ်ရှင်ကဏ္ဍစုံမှ စာတမ်းများ ထွက်ပေါ်လာနိုင်စေရေး၊ ကောင်းမွန်သော စာတမ်းများ ရွေးချယ်နိုင်စေရေးအတွက် စာတမ်းရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

 

ကျော်စွာ(FDC)