မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် (ဒါရိုက်တာ အေဝမ်းမောင်တင်ယုနှင့် ရုပ်ရှင်စကားဝိုင်း)

အပိုင်း (၁)

ဒီတစ်ပတ် ကျွန်တော်တို့ရဲ့ ရုပ်ရှင်စကားဝိုင်းမှာ လာရောက်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်ကတော့ ထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မြန်မာ့ရုပ်ရှင်နဲ့ တစ်နှစ်တည်း၊ တစ်လတည်း မွေးဖွားလာတဲ့သူ ဖြစ်လို့ပါပဲ။ မြန်မာ့ရုပ်ရှင်ဟာ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက်နေ့မှာ မွေးဖွားလာခဲ့ပါတယ်။ အခုကျွန်တော်နဲ့ ရုပ်ရှင်စကားဝိုင်းကို ဝင်ရောက်ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကြီးကတော့ ၁၉၂၀ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူကတော့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကမှာ ဦးဆောင်ဦးရွက်ပြုခဲ့ကြတဲ့ အေဝမ်းရုပ်ရှင်၊ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီတွေထဲက အေဝမ်းရုပ်ရှင်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မြန်မာအဆွေကုမ္ပဏီက သူဌေးကြီး ဦးဘညွန့်နဲ့ဇနီး ဒေါ်ငြိမ်းရှင်တို့ရဲ့ မြေးဦးလည်းဖြစ်ပါတယ်။ ဦးဘညွန့်၊ ဒေါ်ငြိမ်းရှင်တို့ရဲ့ သမီးအကြီးဆုံး ဖြစ်တဲ့ ဒေါ်မြခင်ကနေပြီးတော့ မွေးဖွားလာတဲ့သား ဖြစ်ပါတယ်။

 

mdn

 

မြန်မာအဆွေ သူဌေးကြီးဦးဘညွန့်နဲ့ဒေါ်ငြိမ်းရှင်တို့က မွေးဖွားလာတဲ့ သမီးကြီး ဒေါ်မြခင်ဟာ ရာဇဝတ်ဝန်ထောက် ဂျေမောင်စိန်နဲ့ အကြောင်းပါခဲ့ပါတယ်။ ဂျေမောင်စိန်နဲ့ ဒေါ်မြခင်ကနေပြီးတော့ အခုကျွန်တော်နဲ့ဆွေးနွေးမယ့် ဆရာမောင်တင်ယုနဲ့ သမီးမခင်မြင့်ကို မွေးဖွားခဲ့ပါတယ်။ ဆရာကြီးရဲ့ ဖခင်ဂျေမောင်စိန်ဆိုတာကလည်း နာမည်ကြီး ရုပ်ရှင်မင်းသား ကျော်ဟိန်းရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

 

mdn

 

ကြည်စိုးထွန်း ။ ။ ဆရာကြီး ဦးတင်ယုရဲ့ ညီမဖြစ်တဲ့ ဒေါ်ခင်မြင့်ကလည်း မြဇော်ဖလင်ဆိုတာကို ထောင်ပြီးတော့ ဦးမြမောင်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ဦးမြမောင်နဲ့ ဒေါ်ခင်မြင့်ကနေပြီးတော့ မြဇော်တို့၊ ကိုတိုးညွန့်တို့၊ စန္ဒာတို့၊ ဝင်းမာတို့ ဒီသားသမီးတွေကို မွေးဖွားခဲ့ပါတယ်။ ဒီတော့ဆရာကြီးဟာ အေဝမ်းမျိုးဆက်ရဲ့ ပထမဆုံး မြေးမျိုးဆက်သစ်ဆိုလည်း မမှားပါဘူး။ အေဝမ်းမျိုးဆက်မှာ ပထမဆုံးသူဌေးကြီး ဦးဘညွန့်နဲ့ ဒေါ်ငြိမ်းရှင်တို့ရဲ့ မြေးဦးအနေနဲ့ ဆရာကြီးဟာ မွေးဖွားလာပြီးတော့ ဘယ်အချိန်မှာ ဆရာကြီးဟာ စပြီးတော့ ရုပ်ရှင်ထဲကို ဝင်ရောက်လာတယ်ဆိုတာ ကျွန်တော် သိချင်ပါတယ်ဆရာ။

 

mdn

 

ဦးတင်ယု ။ ။ မွေးတာကတော့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းက မြန်မာအဆွေတိုက် မွေးတာကလည်း လ လယ်ခေါင် (၁၆) ရက်လေ။

ကြည်စိုးထွန်း ။ ။ ဆရာကြီးဒီရုပ်ရှင်ကို စဝင်တဲ့အခါကျတော့ ပညာပေးမှုပေါ့။ ဦးလေးတွေနဲ့အတူတွဲပြီး လုပ်ဆောင်မှုတွေ ရှိမယ်လို့ထင်ပါတယ်။ အဲဒီတော့ ဦးလေးတွေထဲမှာ နာမည်ကြီးတာက ဦးတင်နွယ်ရှိမယ်။ ဦးမောင်မောင်စိုးရှိမယ်၊ ဦးညီပုရှိမယ်၊ ဦးတင်မောင်ရှိမယ်နော် ဆရာ။ အဲဒီထဲက ဆရာကြီးက ဘယ်ဦးလေးနဲ့များ ပိုပြီးတော့ခင်လဲဆိုတာ ကျွန်တော် သိချင်ပါတယ်။

ဦးတင်ယု ။ ။ ဦးတင်မောင်ကို အခင်ဆုံး။ သူငယ်ချင်းလိုပဲ နေတာ။

ကြည်စိုးထွန်း ။ ။ ဒါပေမယ့် အသက်ကတော့ ကွာတယ်နော်ဆရာ။

ဦးတင်ယု ။ ။ သူက ကျွန်တော့်အမေအိမ်မှာ လိုက်နေတာ။

ကြည်စိုးထွန်း ။ ။ ဪ ဒေါ်မြခင်အိမ်မှာ သူတို့က မောင်နှမကိုး ဆရာနော်။ အဲသူက လူပျိုလား ဆရာ။

ဦးတင်ယု ။ ။ လူပျိုပေါ့ လူပျိုကြီး။

ကြည်စိုးထွန်း ။ ။ ဪ လူပျိုကြီးလား၊ ကြီးမှ အိမ်ထောင်ကျတာပေါ့။ ဟုတ်ကဲ့ဆရာ ပြောပါဦး ဆရာ။

ဦးတင်ယု ။ ။ မွေးတော့ မော်လမြိုင်နဲ့ ရန်ကုန်နဲ့ကို ကူးချည်သန်းချည် သွားနေရတယ်။ ရန်ကုန်ကနေမှ မင်းဘူး။

ကြည်စိုးထွန်း ။ ။ မင်းဘူးမှာ အဖေရှိတာ ကိုးနော်။ အဖေက အဲဒီမှာ ရာဇဝတ်ဝန်ထောက်လား ဆရာ။

ဦးတင်ယု ။ ။ အဲဒီမှာ ကျောင်းနေတယ်။ ၁၇နှစ်သားကတည်းကရုပ်ရှင်ထဲမှာ ဝင်ဝင်လုပ်တယ်။ မှတ်တမ်းတင်လုပ် ပေမယ့် တစ်ခါတည်း တည်းဖြတ်ကို ဝင်တာ။

ကြည်စိုးထွန်း ။ ။ တည်းဖြတ်ပါ တစ်ခါတည်းဝင်တယ်။ အဲဒါ ဘယ်ဦးလေးလဲ ဆရာ။

ဦးတင်ယု ။ ။ ဦးတင်မောင်ပဲ၊ ဦးတင်မောင် ကားတွေမှာပဲ မှတ်တမ်းတင်တာ။

ကြည်စိုးထွန်း ။ ။ ဘယ်ကားတွေလဲဆရာ မှတ်မိသလောက် ပြောပါဦး။

ဦးတင်ယု ။ ။ မှတ်တမ်းတင်စလုပ်တာ ၁၉၃၇ ခုနှစ် (၁၇)နှစ်သား ‘ဖူးစာရှင်’ သံစုံသွင်း။

ကြည်စိုးထွန်း ။ ။ ဒီမှာ ‘ဖူးစာရှင်’ သံစုံသွင်းဆိုတော့ ဆရာ။ ဒီသံစုံသွင်းဆိုတဲ့ အဓိပ္ပာယ်ကို ဒီခေတ် လူငယ်တွေလည်း သိကြမယ်မထင်ဘူးဆရာ။ ကျွန်တော် ကိုယ်တိုင်ကလည်း ကြည့်တော့ကြည့်ဖူးတယ် ဝိုးတိုးဝါးတားပဲ။ အဲဒီတော့ သံစုံသွင်းဆိုတဲ့ အဓိပ္ပာယ်လေး နည်းနည်းရှင်းပြပါဦး ဆရာ။

ဦးတင်ယု ။ ။ ကျွန်တော်တို့ အသံတိတ်မှာက စာတန်းတွေနဲ့ပြတာ။ အဲဒီစာတန်းတွေကို လိုက်ဖတ်ပေးရတာ။ လိုက်ဖတ်ပေးပေမယ့် အိုက်တင်နဲ့ ဖတ်ပေးတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။ အသံနေအသံထားနဲ့။

ဦးတင်ယု ။ ။ အဲဒါလည်းပြီးရော။ Music ပါ တစ်ခါတည်းသွင်းတာ၊ ဆိုင်းကို အသံတွေ ထည့်ပေးလိုက်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဆရာ။ အမှန်တော့ ပါးစပ်ပေါက်ကိုက်အောင် ပြောတာမဟုတ်ဘူး။ စာတန်းထိုးတဲ့အချိန်မှာ အသံနေအသံထားနဲ့လိုက် ပြောတယ်။ နောက်ဂီတသံလည်းပါတယ်။ အဲဒါကို သံစုံသွင်းလို့ ခေါ်တယ်။ ဒီဟာက ကျွန်တော် ထင်တယ်ဆရာ၊ အသံတိတ်နဲ့ အသံထွက်ကြားထဲမှာ အသံထွက်ဖို့ကြိုးစားရင်းနဲ့ သံစုံသွင်းဆိုတဲ့ ကားတွေကို ကျွန်တော်တို့ နိုင်ငံမှာ ရိုက်တဲ့သဘောထင်တယ်။

ဦးတင်ယု ။ ။ အသံထွက်ကျရင် ကောင်းအောင်လို့ ဒါတွေကို စမ်းစမ်းပြီး လုပ်တာ။

ကြည်စိုးထွန်း ။ ။ ကျွန်တော်ကြည့်ဖူးတယ် ဆရ စောရ သက်ပြင်းလား၊ ဘာလား။ အဲဒီလိုကား ကျော်ဆွေနဲ့ မြင့်မြင့်ခင် ထင်တယ်။ သံစုံသွင်းဆိုတာ အဲဒါမျိုးကြည့်ဖူးတယ် ဆရာ အခုဆရာ ပြောတော့ ပိုရှင်းသွားတာပေါ့နော်။ အဲဒီတော့ ဆရာတဖြည်းဖြည်းနဲ့ အသံထွက်ခေတ်ကို ရောက်လုရောက်ခါနီးပေါ့နော်။

ဦးတင်ယု ။ ။ အဲဒါပြီးတော့ ၁၉၃၇ ခုနှစ်မှာပဲ အသံထွက်ရိုက်တယ်။ ‘အောင်သပြေ’ မှာတော့ တည်းဖြတ်နဲ့ Background Music တွေ သွင်းတဲ့ဟာကို တာဝန်ယူတယ်။

ကြည်စိုးထွန်း ။ ။ ‘အောင်သပြေ’က ကျွန်တော်မှတ်မိသလောက် ဆရာအဲဒီအချိန်က ဗြိတိသျှ အစိုးရလက်အောက်မှာ ကျွန်တော်တို့က ရှိတာပေါ့။ အဲဒီထဲမှာ ဆရာကြီး ဦးတင်မောင်ပေါ့၊ ဆရာ့ရဲ့ ဦးလေးပြောဖူးတာ၊ ကျွန်တော်ကြားဖူးတာ၊ သူအဲဒီကားမှာ ပါတော်မူခန်း ထည့်တယ်လို့ပြောတယ် ဆရာ။ ပါတော်မူခန်းထည့်တယ် နောက်တစ်ခု အလံပေါ့ ဆရာ။ ကျွန်တော်တို့ ရဲ့ မြန်မာအလံက အောက်ကျပြီးတော့ ဗြိတိသျှအလံက အပေါ်တက်သွားတာတို့၊ ဘာတို့ သူထည့်တယ် ပြောတယ်။ ခံပြင်းတာပေါ့နော် စိတ်ထဲမှာ မခံချိမခံသာဖြစ်လာ ဘာညာဆိုတော့ အဲဒီမှာ အင်္ဂလိပ်အစိုးရက ကုမ္ပဏီကို ခေါ်ပြီးတော့ ဖျက်ခိုင်းတယ်လို့ ကြားတယ်၊ ဟုတ်လား ဆရာ။

ဦးတင်ယု ။ ။ ဖျက်ခိုင်းတာကို ဒီကလည်း မဖျက်တော့ အဲဒီကားကို ပိတ်လိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဪ ‘၁၉၃၈’ မှာ ချစ်စနိုး။ ချစ်စနိုးက အသံထွက်မဟုတ်လား ဆရာ။

ဦးတင်ယု ။ ။ အသံထွက် (၁၂) ပိုင်း။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့ ဆရာ၊ ဪ Actor တွေက မောင်တင်မောင်၊ ခင်နှင်းရီ။ ခင်နှင်းရီဆိုတာ ဦးမောင်မောင်စိုးရဲ့ ဇနီးမဟုတ်လား။ ဦးမောင်မောင်စိုးရဲ့ဇနီးဆိုတော့ ဦးတင်မောင်နဲ့ကျတော့ မရီးပေါ့။ ဦးမောင်မောင်စိုးက ဦးတင်မောင်ထက် ကြီးလား။

ဦးတင်ယု ။ ။ ကြီးတယ်။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ မရီးပေါ့ ဆရာရဲ့။ မရီးနဲ့ မတ်နဲ့တွဲပြီးတော့ ရိုက်တဲ့ကားပေါ့နော်။ အဲဒီတုန်းက ဒေါ်ခင်နှင်းရီက ဦးမောင်မောင်စိုးနဲ့ အိမ်ထောင်ကျပြီလား။ ဪကျပြီပေါ့ ဆရာနော် မရီးနဲ့မတ်နဲ့ ပါတဲ့ကားပေါ့။

ဦးတင်ယု ။ ။ ပြီးတော့ ‘လပြာသို’ လေးပိုင်း အသံထွက်။

ကြည်စိုးထွန်း ။ ။ ဆရာ ခုနဟာကျတော့(၁၂)ပိုင်း၊ အခုကျ(၄)ပိုင်းဖြစ်သွားတယ်။ နည်းသွားတာပေါ့။

ဦးတင်ယု ။ ။ ‘လပြာသို’က စမ်းပြကြည့်တာ၊ ‘ချစ်စနိုး’နဲ့ တွဲပြတာ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ‘ချစ်စနိုး’ က (၁၂) ပိုင်း၊ ‘လပြာသို’ က (၄) ပိုင်းဆိုတော့ (၁၆) ပိုင်း ဖြစ်သွားတာပေါ့နော်။

ဦးတင်ယု ။ ။ ဟိုတုန်းကတော့ ပြတာပဲ။

ကြည်စိုးထွန်း ။ ။ အဲဒီထဲမှာ ဆရာသရုပ်ဆောင်က ‘တက္ကသိုလ်ဖေစန်း’ တို့၊ ‘မေသင်းကြိုင်’ တို့နော် ဆရာ။ တက္ကသိုလ်ဖေဆန်းဆိုတာက ဆရာတို့အေဝမ်းက သီချင်းတွေ၊ ဘာတွေဆိုတယ် မလား။ ‘ပါးချိုင့်ကလေး’ တို့၊ ဘာတို့။

ဦးတင်ယု ။ ။ သီချင်းလည်း ဆိုတယ်။ သီချင်းလည်း စပ်တယ်။

ကြည်စိုးထွန်း ။ ။ “ပါးချိုင့်ကလေး” က သူ ဆိုတာလားလို့ ကျွန်တော်မေ့နေလို့။

ဦးတင်ယု ။ ။ ဟုတ်တယ်ထင်တယ်။ ‘လ ပြာသို’ ပြီးတော့ ‘မြားနတ်မောင်’။

ကြည်စိုးထွန်း ။ ။ ‘မြားနတ်မောင်’ က နာ မည်ကြီးတယ် ဆရာ။

ဦးတင်ယု ။ ။ အဲဒီတုန်းကလည်း အသံထွက်ပဲ။ မှတ်တမ်းတင်ပဲ မှတ်တမ်းတင်တောင်မှ အချိန်ပြည့်မဟုတ်ဘူး။ မှတ်တမ်းတင်ရေးပြီးတာနဲ့ ကျောင်းသွားတက်။

ကြည်စိုးထွန်း ။ ။ ဆရာ အဲဒီကား နာမည် ကြီးတယ်နော်။ ‘မြားနတ်မောင်’က မောင်တင်မောင်နဲ့ မေရှင်နဲ့ နာမည်ကြီးပြီးတော့ ပရိသတ်ကလည်း ကြိုက်ကြတယ်။ နောက်တစ်ခါပြန်ရိုက် တယ်နော် ဆရာ။ မောင်ညွန့်ဝင်းနဲ့ ဒေါ်မြင့်မြင့်ခင်နဲ့ အေဝမ်းကပဲ ပြန်ရိုက်တာ ဆရာ။ မမထားနဲ့ အပါဆိုပြီးတော့။ ဆရာကြီး ဦးတင်မောင်ပဲ ရိုက်တာထင်တယ်။ ဪ ကြည့်ရတယ် ဆရာ အဲဒါလေး မှတ်မိ သေးတယ်။ ကောင်းတယ် ဆရာ၊ ဟုတ်ကဲ့ ဆရာ။

ဦးတင်ယု ။ ။ ပြီးတော့ ချစ်အမျှ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ချစ်အမျှလည်း ကောင်းတာပဲ ဆရာ။ဦးတင်ယု ။ မှတ်တမ်းပဲ။

ကြည်စိုးထွန်း ။ ။ ဆရာဥပစာတန်းတက် နေရာကနေ ကျောင်းက ထွက်တယ်ထင်တယ်။ တစ်လိမ်နှစ်လိမ်တို့၊ ချစ်အမျှတို့ ထင်တယ်နော်။

(ဆက်လက်ဖော်ပြပါမည်)