မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန်ကို နိုင်ငံကျော်အနုပညာရှင်များနှင့် ရိုက်ကူးထုတ်ဝေမည်

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် ရုပ်ရှင် နှစ် ၁၀၀ ပြက္ခဒိန်ကို ရုပ်ရှင်ချစ်ပရိသတ်များအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စီစဉ်ထုတ်ဝေ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြက္ခဒိန်ထုတ်ဝေမည့်ကိစ္စ နှင့်ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)၌ ကျင်းပခဲ့သည်။


"ဒီနေ့ကျင်းပတဲ့အခမ်းအနားကတော့ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ခုပါ။ သစ်ပင်စိုက်ပွဲတော်တို့၊ ကိုခန့်စည်သူတို့က ရေတွင်းရေကန်တွေ တူးနေတာတို့ကလည်း ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက်ပါပဲ။ ကျယ်ကျယ်ပြန့်ပြန့် စလှုပ်ရှားတာက ဒီပြက္ခဒိန်ရိုက်တဲ့အစီအစဉ်ပါ။ ကိုမိုးမင်းကလည်း ခုနစ်နှစ်ကျော်၊ ရှစ်နှစ်လောက်ကို အခမဲ့ ဓာတ်ပုံရိုက်ကူးပေးခဲ့တာပါ။ ဒီပြက္ခဒိန်မှာတော့ ခေတ်လေးခေတ်အတွက် ရိုက်ပေးထားပါတယ်။ အသံတိတ်ခေတ်က စရိုက်ခဲ့ပါတယ်"ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်းလွင်က ပြောသည်။


၂၀၂၀ အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင်သည် နှစ် ၁၀၀ ပြည့်ပြီဖြစ်ရာ အဆိုပါ ရာပြည့်အထိမ်းအမှတ်အတွက် ပြက္ခဒိန် ထုတ်ဝေခြင်းဖြစ်ပြီး ရုပ်ရှင် နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပနိုင်ရန် ရန်ပုံငွေအဖြစ် ကျပ်သိန်း ၇၀ ကိုလည်း ဓာတ်ပုံပညာရှင် မိုးမင်း (Rays) က ပြက္ခဒိန်အတွက် စာနယ်ဇင်းရှင်းလင်းပွဲတွင် လှူဒါန်းခဲ့သည်။


ယင်းပြက္ခဒိန်တွင် မြန်မာ့ရုပ်ရှင် (ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်) ခေတ် လေးခေတ်၏ ပုံရိပ်များကို ပြန်လည် အမှတ်ရစေမည့် သရုပ်ဆောင် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို ကိုယ်စားပြု ပုံဖော်ထားသည့် ဓာတ်ပုံ လေးပုံဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း၊ ၁၉၂၀-၁၉၄၅ ငွေရတုအတွက် သရုပ်ဆောင် နေတိုးနှင့် ပိုင်ဖြိုးသု၊ ၁၉၄၅-၁၉၇ဝ ရွှေရတုအတွက် သရုပ်ဆောင် အောင်ရဲလင်းနှင့် ဝတ်မှုန်ရွှေရည်၊ ၁၉၇၀-၁၉၉၅ စိန်ရတုအတွက် သရုပ်ဆောင် ဒေါင်းနှင့် အေးမြတ်သူ၊ ၁၉၉၅-၂၀၂၀ ရာပြည့်အတွက် သရုပ်ဆောင် မြင့်မြတ်နှင့် အိချောပိုတို့အား ရိုက်ကူးထားကြောင်း၊ ပြက္ခဒိန် အရွယ်အစားမှာ ၂၀x၃ဝ လက်မ ဖြစ်ကြောင်း၊ ပြက္ခဒိန်ကို ရုပ်ရှင်ချစ်ပရိတ်သတ်များ အမှတ်တရ သိမ်းဆည်းထားနိုင်ရန်အတွက် ပင်ရင်းစျေး ကျပ် ၁၅၀၀ ဖြင့်ပင် ရောင်းချပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ ဆန်းစတား ပိုစတာ ပြက္ခဒိန် ဖြန့်ချိရေးတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ကိုလင်း