မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲ စိန်ခေါ်သူ ထွန်းထွန်းမင်းနှင့် လက်ရှိချန်ပီယံ ဒေ့ဗ်လက်ဒပ်(ဒေဝ)တို့ အရှုံး/ အနိုင်မပေါ်ဖြစ်ခဲ့

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Myanmar Martial Arts Group က စီစဉ်ကျင်းပသော (Air KBZ Grand Final) မြန်မာ့ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံလုပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ စိန်ခေါ်သူ ထွန်းထွန်းမင်းနှင့် လက်ရှိချန်ပီယံ ဒေ့ဗ်လက်ဒပ် (ဒေဝ)တို့ တစ်ဦးနှင့်တစ်ဦး အရှုံး/ အနိုင်မပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ 

ယင်း မြန်မာပြည်ချန်ပီယံလုပွဲတွင် ပွဲစသည်နှင့် ထွန်းထွန်းမင်းက တိုက်စစ်ဖွင့်ကာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော်လည်း ဒေဝက ခြေအတားအဆီးဖြင့် ပြန်လည်တုံ့ပြန်ရင်း အဝင်အထွက်ရဲသော ထွန်းထွန်းမင်းအား ဘယ်ဝိုက်လက်သီးတစ်လုံးပစ်သွင်းခဲ့သဖြင့် ထွန်းထွန်းမင်း အထိနာကာ ပထမအချီအစမှာပင် အမှတ်စဉ်အရေ ခံလိုက်ရသည်။ ယင်းနောက် ပွဲပြန်လည်အစမှာပင် ထွန်းထွန်းမင်း အထိနာခဲ့သဖြင့် အနားတောင်းခဲ့ရပြန်သည်။   ယနေ့ ယှဉ်ပြိုင်ထိုးသတ်သော မြန်မာပြည်ချန်ပီယံလုပွဲတွင် ယခင်သူတို့နှစ်ဦးဆုံတဲ့ပွဲများကဲ့သို့ တစ်ဦးနှင့် တစ်ဦး ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်မှု မရှိခဲ့ပေ။ ချန်ပီယံခါးပတ်ပြန်လည်ရရှိရေး နိုင်လိုစောဖြင့် ထွန်းထွန်း မင်း ကြိုးစားကာ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း ဒေဝမှာ ချန်ပီယံအဖြစ်မှ လက်လွှတ်မဆုံးရှုံးရရေးသာ ထိန်းကစားသွားခဲ့သည်။ ပွဲစဉ်တစ်လျှောက် တစ်ဦးနှင့်တစ်ဦး သူတစ်ပြန်ကိုယ်တစ်ပြန် ကစားခဲ့သော်လည်း နောက်ဆုံးငါးချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ 

အလားတူ အမျိုးသမီး မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ခါးပတ်လုပွဲတွင်လည်း ဘရော်နီကာ(မြန်မာ)နှင့် ဟုန်ထောင်း(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ပွဲစသည်နှင့် ဘရော်နီကာ ဖွင့်ကစားခဲ့သော်လည်း ဟုန်ထောင်း အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန် ကြိုးစားယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ယင်းပွဲတွင် လေးချီပြည့်သည်အထိ အချီတိုင်း ဘရော်နီကာ ဘယ်/ညာ လက်သီးတွဲလုံးများဖြင့် ဟုန်ထောင်းကို လိုက်လံထိုးသတ်ခဲ့သော်လည်း အနိုင်/ အရှုံးမပေါ်ခဲ့ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ သူတို့နှစ်ဦး တွေ့ဆုံမှု သည် ယခုဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုတွင် ဘရော်နီကာ အနိုင်ရခဲ့သည်။

ယနေ့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲတွင် အခြားပွဲစဉ်များ၌ အောက်ချင်းလေး နှင့် အင်းသားတို့မှာ လည်းအရှုံး၊ အနိုင်မပေါ်ဘဲ သရေကျခဲ့ပြီး ဗျ ဂ္ဃ(မြန်မာ)နှင့် ဝီထရာ (ထိုင်း)တို့ပွဲတွင်လည်း တစ်ဦးနှင့်တစ်ဦး ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း သရေကျခဲ့သည်။ တစ်ဖန် စောဒါဝိတ်(မြန်မာ)နှင့် မာမွတ် (အီရန်)တို့ပွဲတွင် ဒုတိယအချီမှာပင် မာမွတ်က စောဒါဝိတ်ကို ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ အရှုံးပေးခဲ့ပြီး တိုခဲရှီ(ဂျပန်)နှင့် ထွန်းမင်းလတ်(မြန်မာ)ပွဲတွင် ပထမအချီ၌ သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ကစားခဲ့သော် လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ ထွန်းမင်းလတ် အထိနာခဲ့ပြီး တတိယအချီ ၁ မိနစ် ၃၀ စက္ကန့်မှာတော့ တိုခဲရှိကို ထွန်းမင်းလတ် အလဲထိုးဖြင့် အရှုံးပေးလိုက်ရသည်။ ယနေ့ကျင်းပသော မြန်မာပြည်ချန်ပီယံလုပွဲတွင် သိမ်ဖြူရိုးရာလက်ဝှေ့ရုံတစ်ခုလုံး ရုံပြည့်ရုံလျှံလာရောက်ကြည့်ရှုသူများခဲ့ပြီး ပြည်ပနိုင်ငံခြားသား အများစုလည်း လာရောက်ကြည့်ရှုမှုများခဲ့သည်။ 

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်