မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်(ပန်းဆိုးတန်း-ဒလ) နှင့် ဝါးတန်း-ဒလ ကူးတို့လမ်းတို့အား  ခေါက်ရေလျှော့ပြေးဆွဲသွားမည်

ရန်ကုန်  ၅  ဧပြီ 

 

မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း၌ ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ ရေယာဉ်  ချယ်ရီသင်္ဘောများအပါအဝင် ဝါးတန်း-ဒလ ကားကူးဇက် ကူးတို့လမ်း၊ ရန်ကုန်-ခနောင်တို ကူးတို့လမ်း၊ ရွှေလောင်း-မြေနု ကူးတို့လမ်းနှင့် ဝါးခယ်မ-ထော်ကနွက် ကူးတို့လမ်းတို့အား  ခေါက်ရေလျှော့ ပြေးဆွဲသွား မည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးဖြင့် သွားလာနေကြသော ဒေသခံ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်ရှိ မိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး ၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)  မှ သိရသည်။

 

မြစ်ဝကျွန်းပေါ်ဌာနခွဲမှ  လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က  “သင်္ကြန်ရုံးပိတ်ရက် ကာလ အတွင်းမှာ  နေရပ်ပြန် ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ စီစဉ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊    နှစ်သစ်ကူးရုံးပိတ်ရက် သင်္ကြန်အကြိုနေ့ကနေစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ စုစုပေါင်း(၆) ရက်ကို  မြစ်ဝကျွန်းပေါ်ဌာနခွဲ အောက်မှာရှိတဲ့ ကူးတို့လမ်းတွေကို  ခေါက်ရေလျှော့ပြီး  ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်၊  ဒီလိုပြေးဆွဲချိန်တွေမှာလည်း လက်မှတ်ရုံဝန်ထမ်းများနဲ့ သင်္ဘော ဝန်ထမ်းများက ခရီးသည်တွေ ဘေးကင်းလုံခြုံရေးအတွက် ကူညီပေးသွားမှာပါ၊ ကျန်းမာရေး ဝန်ဆောင်မှုအနေနဲ့  ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Hand Speaker နဲ့ နေ့စဉ် အသိပညာပေးပြီး၊ ဆေးဖျန်းခြင်းကို ပုံမှန်ဆောင်ရွက် ပေးပါတယ်၊ သင်္ဘောအပေါ်ထပ် ခရီးသည် ခုံတန်းတွေနဲ့ ထိုင်ခုံတွေကိုလည်း ၃ ပေစီခြားပြီး သတ်မှတ် စီစဉ်ထားတယ်၊ လက်ဆေးစင်များကိုလည်း သင်္ဘောဆိပ် လက်မှတ်ရုံအတွင်းနဲ့  ဝင်ပေါက်တွေမှာ ထားရှိ ဆောင်ရွက်ပေးထားပါတယ် ” ဟု ယနေ့ နံနက်က ပြောကြားခဲ့သည်။

 

85

 

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး ၁၇ ရက်နေ့အထိ    ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း အနေဖြင့် မူလ(၄၆)ခေါက် ပြေးဆွဲပေးရာမှ ခေါက်ရေ(၂၆)ခေါက် နှုန်း၊ ရန်ကုန်(ဝါးတန်း/ဒလ) ကားကူးဇက် ရေယာဉ်များအနေဖြင့် ကုန်စည် နှင့် မော်တော်ယာဉ် အမျိုးမျိုးတို့ကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ယခင်အခေါက်ရေ (၁၅)ခေါက် ပြေးဆွဲပေးရာမှ ခေါက်ရေ (၆)ခေါက်နှုန်း၊ ရန်ကုန်-ခနောင်တို ကူးတို့လမ်းတွင်   မူလ(၆)ခေါက်ပြေးဆွဲရာမှ (၄)ခေါက်နှုန်း ပြေးဆွဲခြင်း၊ ရွှေလောင်း-မြေနု    ကူးတို့လမ်းတွင် မူလ(၁၀)ခေါက် ပြေးဆွဲရာမှ (၈)ခေါက်နှုန်း  ပြေးဆွဲခြင်း၊ ဝါးခယ်မ-ထော်ကနွက် ကူးတို့လမ်းတွင် မူလ (၁၂)ခေါက် ပြေးဆွဲရာမှ (၁၀)ခေါက်နှုန်းသို့  အသီးသီးလျှော့၍ ပြေးဆွဲပို့ဆောင် ပေးသွားမည်ဖြစ်သည်။ သင်္ဘောခရီးစဉ်များ ပိတ်မည်၊ ရပ်နားမည်ဆိုသော သတင်းမှာ ကောလဟာလသာ ဖြစ်သည်။

 

ထို့အတူ ရန်ကုန်-ကျုံမငေး ခရီးလမ်းအား ဧပြီ ၁၁ ရက်နှင့် ၁၈ ရက်တွင် မြန်မာနှစ်ကူး ရုံးပိတ်ရက်များ ဖြစ်၍ ခရီးလမ်းပြေးဆွဲခြင်းမပြုဘဲ ဧပြီလ ၂၅ ရက်နေ့တွင် မူလခရီးစဉ်အတိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်-ကြာကန် ခရီးလမ်းအား ဧပြီလ ၉ ရက်မှ ၁၆ ရက်  ခရီးလမ်းပြေးဆွဲခြင်းမပြုဘဲ ဧပြီလ ၂၃ ရက်နေ့တွင် မူလခရီးစဉ်အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာတို့ကို ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ် ဖြင့်လည်းကောင်း၊  ကုန်စည် နှင့် မော်တော်ယာဉ်အမျိုးမျိုးတို့ကို ရန်ကုန် (ဝါးတန်း-ဒလ) ကားကူးဇက် ရေယာဉ်များဖြင့်လည်းကောင်း ၊ ရန်ကုန်-ခနောင်တို၊ ရွှေလောင်း-မြေနု၊ ဝါးခယ်မ-ထော်ကနွက်စသည့် ကူးတို့လမ်းတို့၌ ပို့ဆောင်ပေးလျက်ရှိရာ နှစ်စဉ် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း၌ ခေါက်ရေလျှော့၍ ပြေးဆွဲပေးကြောင်းသိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ပြန်ဆက်)