မြန်မာပြောင်းသီးနှံများ ပြည်တွင်းပြည်ပ ဝယ်လက်ဆုံမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်

မန္တလေး   မေ   ၂၇

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းသီးနှံဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ပြည်တွင်း ဝယ်လက်များမှ ဝယ်လိုအားကောင်းမွန်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက် လာ ကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပြောင်းဈေးနှုန်းမှာ သင်္ကြန်မတိုင်မီကာလက သုံးတင်းဝင် တစ်အိတ်လျှင် ၂၈၀၀၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာမှ မေလ ပထမပတ်မှစ၍ ပြည်တွင်းဝယ်လက်များသာမက ပြည်ပထိုင်းနိုင်ငံမှလည်း စတင်ဝယ်ယူလာမှုကြောင့် ဈေးနှုန်းများတရိပ်ရိပ်မြင့်တက်ကာ မေ ၂၇ ရက်နေ့တွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀ နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။ 

 

“အခုလို ပြောင်းဈေးတွေကောင်းလာတာက ပြည်ပဝယ်လက်တွေသာမက ပြည်တွင်းမှာရှိတဲ့ တိရစ္ဆာန် အစာထုတ်တဲ့ စက်ရုံတွေကလည်း ပြန်ပြီးစက်လည်ပတ်ခွင့်ရလာကြလို့ ဒီပြောင်းကို ကုန်ကြမ်းအဖြစ် ဝယ်ယူလာကြတဲ့အတွက် ဝယ်လက်စုံပြီး ဈေးတွေမြင့်တက်လာတာပါ။ လက်ရှိပေါက်ဈေးက ပြောင်းစိုက်တောင်သူတွေရော ကုန်သည်တွေပါ ရောင်းပန်းလှတဲ့ ဈေးနှုန်းဖြစ်လို့ အားရကျေနပ်နေကြ တယ်။ လက်ရှိကာလမှာ ပြောင်းစိုက်ခင်းတွေကို ငမြောင်တောင်ပိုးကျ ရောက်တတ်လေ့ရှိတဲ့အတွက် အခုလိုဈေးကောင်းရတဲ့အချိန်မှာ ပိုးတွေ ဖျက်ဆီးမှုမရှိအောင် ဂရုစိုက်ကြဖို့ တောင်သူတွေကို သတိပေးချင်တယ်” ဟု ၎င်းက ပြောသည်။

 

ယခုလို ပြောင်းဈေးနှုန်းကောင်းမွန်သည့်အချိန်တွင် ဒေသစုံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းသီးနှံများ မန္တလေးဈေးကွက်သို့ သွက်လက်စွာ ဝင်ရောက်လျက်ရှိနေပြီး မကြာမီလာမည့် ဇူလိုင်လဆန်း၌လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦး၊ ကျွန်းလှမြို့နယ်များနှင့် နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှ စိုက်ပျိုးထွက်ရှိလာသည့် ပြောင်းများ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)