မြန်မာနှင့် ကိုရီးယားသမ္မနိုင်ငံတို့တွင် ရိုက်ကူးထားသည့် တိမ်တွေပေါ်ကပန်း  ရုပ်ရှင်အထူးပွဲပြသ

ရန်ကုန်  ၄  ဒီဇင်ဘာ

 

မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့တွင် ရိုက်ကူးထားသည့် တိမ်တွေပေါ်ကပန်းရုပ်ရှင်အထူးပွဲကို ရန်ကုန်မြို့ Junction City ရှိ JCGV အဆင့်မြင့် ရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၃ ရက် ညပိုင်းက ပြသရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့်တကွ Korea Association in Myanmar အဖွဲ့နှင့် Big5 ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်အားပေး စကားပြောကြားကာ ကြည့်ရှုအားပေးကြသည်။

 

ရုပ်ရှင်မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က ပြီးခဲ့တဲ့ အပတ်က ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးက အကြောင်းအရာ လေးတစ်ခုကို မျှဝေပေးချင်ပါတယ်၊ Culture Innovation Summit ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာမှာ ယခုနှစ် ကိုရီးယားရုပ်ရှင်လုပ်ငန်း နှစ်(၁၀ဝ)ပြည့်နဲ့ လာမယ့်နှစ် မြန်မာ့ရုပ်ရှင်နှစ် (၁၀ဝ)ပြည့်မှာ အသိပညာ၊ အတတ်ပညာများကို ပေါင်းစပ်ပြီး အလွန်အားကောင်းတဲ့ ပူးပေါင်းမှုနဲ့ အကျိုးရလာဒ်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်မိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ဒီနေ့ပြသတဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဟာလည်း ကိုရီးယား-မြန်မာ ပူးပေါင်း ထုတ်လုပ်အောင်မြင်မှုအဖြစ် သုံးသပ်မိပြီး နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုကို ပိုမိုတိုးတက်စေပြီး အကျိုးရှိတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ယဉ်ကျေးမှုဖလှယ်မှု မြှင့်တင်လာမှုနဲ့အတူ ရုပ်ရှင်၊ ဒရာမာ၊ KPop ယဉ်ကျေးမှုလှိုင်းဟာလည်း နောင်နှစ် သံတမန် ဆက်ဆံရေး (၄၅)နှစ်ပြည့်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာစေနိုင်တဲ့ ပေါင်းကူးတံတား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု ပြောသည်။

 

ဤရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင်၊ တေးဂီတ ဓိရာမိုရ်၊ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်၊ တွဲဖက်ဒါရိုက်တာ မင်းသန့်မောင်မောင်၊ သရုပ်ဆောင် ကျော်ထက်အောင်၊ Ryu Sang Wook၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နှင့် ဧည့်သရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားပြီး Big5 နှင့် JBJ Entertainment တို့က ထုတ်လုပ်ထားပြီး ဒီဇင်ဘာ ၁၉ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုံများတွင် ရုံတင်ပြသမည်ဖြစ်သည်။

 

ရိုးသားပြီး ဖြူစင်တဲ့ ကောင်လေးနေရာကနေ သရုပ်ဆောင်ထားတာပါ၊ နှစ်နိုင်ငံလုံးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးသရုပ်ဆောင်ထားပါ တယ်။ ရိုက်နေတဲ့အချိန်မှာလည်း မြန်မာပရိသတ်တွေက လာအားပေးလို့ တကယ့်ကို ဝမ်းသာပျော်ရွှင်မိပါတယ်ဟု ကိုရီးယားသရုပ်ဆောင် Ryu Sang Wook က ပြောသည်။

 

ယဉ်ကျေးမှု၊ စကားလုံး၊ ဘာသာရေး၊ သီချင်းတွေကို အနုပညာဆိုတဲ့ခံစားမှုနဲ့ ဆက်သွယ်လို့ရအောင် ဒီကားမှာ ကြိုးစားခဲ့တယ်၊ မိုးရွာပြီးတော့ လှတဲ့ ချင်းတောင်ရဲ့ အလှ၊ မြန်မာနိုင်ငံရဲ့အလှအပတွေကိုလည်း ဖော်ကြူးနိုင်ခဲ့ပါတယ်၊ ကိုရီးယားရဲ့ အလှအပကိုလည်း ရိုက်နိုင်ခဲ့တယ်ဟု ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က ပြောသည်။

 

စရိုက်ခဲ့တာက ကိုရီးယား-မြန်မာ ချစ်ကြည်ရေးကို ဦးတည်ပြီး ရိုက်ခဲ့တာပါ၊ နှစ်နိုင်ငံလုံးက လူကြီးတွေက အသိအမှတ် ပြုခံရတဲ့ ရုပ်ရှင်ဆိုရင် မမှားပါဘူး။ အဓိက ပေးချင်တဲ့ မက်ဆေ့က လူ့ဘဝမှာ အထီးကျန်ဆန် အားငယ်ပြီးတော့ ဘဝကို မကြိုးစားရဲဘဲ တွန့်ဆုတ်နေတဲ့လူတွေကို ခွန်အားဖြစ်စေတဲ့ ရုပ်ရှင်ဆိုတာ ယုံပါတယ်။ ကျွန်မတို့ Big5 ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကနေ ဒါပထမဦးဆုံး ရိုက်တဲ့ရုပ်ရှင်ပါ။ ဒီကားကို ဒီဇင်ဘာ ၁၉ရက်နေ့မှာ တစ်နိုင်ငံလုံးရုံတင်ပြသမှာပါ။ နိုင်ငံတကာမှာ ပြမယ့် ရုပ်ရှင် ဖြစ်တဲ့အတွက် အားပေးပါလို့ ပြောချင်ပါတယ်ဟု Big5 ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ နန်းမောက်လောဝ်ဆိုင် က ပြောသည်။ 

 

ဦးမောင်တို့က ကိုရီးယားနဲ့ ဖက်စပ်ရိုက်မယ်။ နှစ်နိုင်ငံလည်း ပါချင်တယ်။ အဲ့ဒီလို ဇာတ်မျိုးရှိလားမေးတော့ ကျွန်တော် အရင်တုန်းက ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းလေးရှိတယ်လို့ ပြောပြလိုက်တော့ ဦးမောင်ကလည်း ကြိုက်တယ်။ Big5 ဘက်ကလည်း ကြိုက်တော့ ကိုရီးယားဘက်က သရုပ်ဆောင်တွေကို ရွေးချယ်ပြီး ရိုက်ဖြစ်သွားပါတယ်။ ကိုရီးယားကိုသွားပြီး ရိုက်ကွင်းနေရာတွေ လိုက်ရှာရတယ်။ ချင်းတောင်မှာလည်း Church ပေါင်း ၂၀ ကျော်ထဲ ကနေပြီး စိန့်နီကိုလပ်ကို တောင်ကုန်းလေးပေါ်မှာမို့ ရွေးခဲ့ပါတယ်၊ ကိုရီးယားမှာက ရုပ်ဝတ္ထုက တိုးတက်တယ်။ ငွေကြေး၊ စက်ပစ္စည်းတွေ တိုးတက်တယ်။ သူတို့မှာ လိုအပ်တာက မေတ္တာတရား၊ ဒီမတူညီတဲ့ နှစ်ခုကို ညီမျှခြင်း ဆွဲပေးလိုက်တဲ့ သဘောပါဟု ဇာတ်ညွှန်း ကိုမိုးနီလွင် က ပြောသည်။

 

သန့်ဇင်ဝင်း