မြန်မာနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် သရေကျ

၁၃ နိုဝင်ဘာ

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲဒုတိယပွဲကို ယနေ့ညနေ ၆ နာရီခွဲက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပရာ နှစ်ဂိုးစီသရေကျခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမခြေစမ်းပွဲက ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးကြောင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲထက် ကစားပုံပိုကောင်းခဲ့ပြီး နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများရခဲ့သော်လည်း ဂိုးများပြန်ပေးခဲ့ရခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမနေ့ကစားခဲ့သည့် ခြေစမ်းပွဲမှ ပွဲထွက်လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး သဇင်အောင်၊ အိအိကျော်နှင့် မြတ်နိုးခင်တို့နေရာတွင် နော်ထက်ထက်ဝေ၊ ဇွန်ယုယဦးနှင့် လင်းမြင့်မိုရ်တို့ကို ပြောင်းလဲအသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၃ မိနစ်တွင် တိုက်စစ်မှူးစန်းသော်သော်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဗီယက်နမ်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့ရာ ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ၂၈ မိနစ်တွင် ငုယင်သီတူယက်က ဗီယက်နမ်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးပြန်ပေးလိုက်ရသော်လည်း ငါးမိနစ်အကြာတွင် ဂိုးထပ်ရခဲ့ပြီး နန့်ဇူးဇူးထက်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သလို မြန်မာအသင်းကလည်း ကစားသမားများအပြောင်းအလဲပြုလုပ်ကာ ကစားအားမြင့်ခဲ့သည်။ ၈၇ မိနစ်တွင် ဗီယက်နမ်အသင်း ချေပဂိုးပြန်ရခဲ့ပြီး ငုယင်သူထရီဟောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှပြိုင်ပွဲအကြို ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-MFF