မြန်မာနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲဒုတိယပွဲ မနက်ဖြန်ကျင်းပမည်

၁၂ အောက်တိုဘာ

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲဒုတိယပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနှင့် ဗီယက်နမ်အသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်က ကစားသည့်ပထမပွဲတွင် ဗီယက်နမ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အာရှပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကစားသောကြောင့် ယနေ့ကစားမည့်ပွဲတွင် ရလဒ်ကောင်းရန်အပြင် ကစားသမားများအတွက် အတွေ့အကြုံရစေရန်လည်း ယှဉ်ပြိုင်ကစားဖွယ်ရှိနေသည်။ မြန်မာအသင်းသည် ပြိုင်ပွဲတွင် အာရှထိပ်သီးအသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ကျရောက်နေသောကြောင့် ယခုထက်ပိုကောင်းသည့်ခြေစွမ်းရရန် လိုအပ်နေပြီး ဗီယက်နမ်နှင့် ခြေစမ်းပွဲမှ အားနည်းချက်နှင့် လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်နိုင်ရန် လိုအပ်နေသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့် ခြေစမ်းပွဲပြီးပါက အောက်တိုဘာ ၁၆၊ ၁၈ ရက်တွင် ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။

 

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့၏ ခြေစမ်းပွဲကို ပရိသတ်များ အခမဲ့ လာရောက်အားပေးနိုင်မည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ