မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့မှုများ

တွေ့ဆုံမေးမြန်း-ရှင်မင်း၊ ဓာတ်ပုံ-ကေကေ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ အပါအဝင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ပါသည်-

1++

 

မေး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ မကြာမီက နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ အတွက် အတိုးနှုန်းတွေကို လျှော့ချခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြောင့် နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုကို သက်သာစေဖို့နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်မှာ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းကနေ ၀  ဒသမ ၅ ရာခိုင်နှုန်းလျှော့ချပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

 

ဒီလို ပြောင်းလဲသတ်မှတ်ရာမှာ အပ်ငွေတွေအပေါ် ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်းဖြစ်တဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းထက် မနည်းစေဖို့နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အာမခံပစ္စည်းရယူပြီး ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ကောက်ခံခြင်းမပြုဖို့ သတ်မှတ်ခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အာမခံပစ္စည်းတွေမှအပ အခြားအာမခံပစ္စည်း ရယူပြီးဖြစ်စေ၊ အာမခံ ပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၅ ဒသမ ၅ ရာခိုင်နှုန်း ထက်ကျော်လွန်ပြီး ကောက်ခံခြင်းမပြုဖို့ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။

 

ဒီလိုအတိုးနှုန်း ပြင်ဆင်ပြောင်းလဲ သတ်မှတ်မှုတွေက ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက် ကစပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးသတ်မှတ်ပြီးတဲ့နောက် နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှုရှိနိုင်စေဖို့ အတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းကနေ တစ်ရာခိုင်နှုန်း ထပ်မံလျှော့ချပြီး ၈ ဒသမ ၅ ရာခိုင် နှုန်းကို ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။

 

ဒီလို အတိုးနှုန်းတွေ ထပ်မံလျှော့ချလိုက်တဲ့အတွက် အပ်ငွေတွေအပေါ်မှာပေးရမယ့် အနည်းဆုံးအတိုးနှုန်းနဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံးအတိုးနှုန်းတွေက အရင်အတိုးနှုန်းထက် တစ်ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားပါတယ်။

 

အပ်ငွေတွေအပေါ်မှာ ပေးရမယ့် အနည်းဆုံးအတိုးနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သွားပြီး ချေးငွေတွေအပေါ်မှာ တောင်းခံနိုင် တဲ့ အများဆုံးအတိုးနှုန်းက ၁၁ ဒသမ ၅ ရာခိုင် နှုန်းဖြစ်သွားပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အာမခံပစ္စည်းတွေမှအပ အခြားအာမခံပစ္စည်းရယူပြီးဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၄ ဒသမ ၅ ရာခိုင် နှုန်းအထိ လျှော့ချလိုက်ပါတယ်။ ဒီလိုအတိုးနှုန်းတွေ ထပ်မံလျှော့ချသတ်မှတ်ခြင်းက ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်ကစပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

 

ဒီလို အတိုးနှုန်းတွေကို လျှော့ချခဲ့တာက ငွေချေးယူမှုစနစ်တွေ (Borrowing Cost) သက်သာလာပြီး စီးပွားရေး လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာနိုင်စေဖို့နဲ့ ဈေးကွက်အတွင်း ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအပေါ် ဝယ်လိုအားကို ပိုမိုလာနိုင်ပြီး စီးပွားရေးလုပ်ဆောင်ချက်တွေ (Economic Activities) အားကောင်းလာစေဖို့ ဖြစ်ပါတယ်။

 

မေး။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေကျပ် တစ်ထောင်တန် ငွေစက္ကူပုံစံသစ် ထုတ်ဝေခဲ့တာကိုလည်း ပြောပြပေးစေလိုပါတယ်ရှင့်။

 

ဖြေ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူပုံစံသစ်ကို ထုတ်ဝေဖို့ စီစဉ်ခဲ့တာကြာပါပြီ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ငွေကျပ် တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ဂုဏ်ပြုထုတ်ဝေခဲ့ပါတယ်။ ဒီလိုထုတ်ဝေပြီးနောက် ကျန်ရှိတဲ့ တန်ဖိုးအလိုက် ငွေစက္ကူတွေဖြစ်တဲ့ ငွေကျပ် ၅၀ တန်၊ ငွေကျပ် ၁၀၀ တန်၊ ငွေကျပ် ၅၀၀ တန်၊ ငွေကျပ် ၅၀၀၀ တန်နဲ့ ငွေကျပ် ၁၀၀၀၀ တန်စတဲ့ ငွေစက္ကူတွေကို ဆက်လက် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

 

မေး။ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်မှုအခြေအနေကိုလည်း ရှင်းပြပေးစေလိုပါတယ်ရှင့်။

 

ဖြေ။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ အပြောင်းအလဲကြီးမားစွာနဲ့ လျင်မြန်စွာ မဖြစ်ပေါ်စေ ဖို့နဲ့ နိုင်ငံတော်ရဲ့ နိုင်ငံခြားသီးသန့် အရန်ငွေကို ဖြည့်တင်းဖို့ ရည်ရွယ်ပြီး စည်းမျဉ်းအခြေခံတဲ့ နိုင်ငံခြားငွေဈေးပြိုင် လေလံနှစ်မျိုးကို ဆောင်ရွက်လျက်ရှိပါတယ်။

 

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ် နှုန်း အတက်/အကျ ကြီးမားမှု မရှိစေဖို့အတွက် Intervention Auction ပြုလုပ်ရာမှာ အရောင်းနဲ့အဝယ်(၂)မျိုးစလုံးကို ဆောင်ရွက်ခဲ့ပါတယ်။

 

နိုင်ငံတော်ရဲ့ နိုင်ငံခြားသီးသန့် အရန်ငွေကို ဖြည့်တင်းရာမှာ Accumulation Auction ဖြစ်တဲ့ အဝယ်တစ်မျိုးတည်း ဆောင်ရွက်တဲ့ နည်းလမ်းကို ကျင့်သုံးခဲ့ပါတယ်။ Intervention Auction နဲ့ Accumulation Aution တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း နေ့စဉ်ဆောင်ရွက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဈေးပြိုင်စနစ်ခေါ်ယူပြီး နိုင်ငံခြားငွေဈေးကွက် ဝင်ရောက်ထိန်းကျောင်းရာမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို အဆင့်တစ်ဆင့်မှာ ရောက်ရှိနေစေဖို့ ကာကွယ်ထိန်းသိမ်းဆောင်ရွက်ခြင်း မဟုတ်ဘဲ ငွေလဲလှယ်နှုန်း အတက်အကျ ကြီးမားခြင်းကို လျော့နည်းစေဖို့အတွက် နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေကြေးလွယ် ကူမှုကို ပံ့ပိုးပေးခြင်းသာ ဖြစ်ပါတယ်။

 

မေး။ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို သိပါရစေရှင့်။

 

ဖြေ။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကြေးစနစ်တည်ငြိမ်မှုက အရေးကြီးပါတယ်။ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ ခိုင်မာအားကောင်းဖို့အတွက် စည်းမျဉ်းနဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်လျက်ရှိပါတယ်။

 

ဘဏ်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျလုပ်ငန်း ဆောင်ရွက်နေမှု ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးခြင်းနဲ့ စောင့်ကြည့်ကွပ်ကဲခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

 

လက်ရှိမှာ အများပြည်သူတွေ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လွယ်ကူစွာရရှိနိုင်စေဖို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ဒီဘဏ်တွေရဲ့ ဘဏ်ခွဲတွေကို တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်နဲ့ ဘဏ်ခွဲပေါင်း ၂၀၀၀ခန့် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

 

ဘဏ်ခွဲတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ နေရာတွေမှာ သူတို့ရဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ဘဏ်လုပ်ငန်းကို မိုဘိုင်းနည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့ ခွင့်ပြုပေးလျက်ရှိရာ ပုဂ္ဂလိကဘဏ် ၁၂ ဘဏ်ကို မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

 

ဒါ့အပြင် ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီတဲ့ ဒေသတွေက ပြည်သူတွေ ငွေကြေးဝန်ဆောင်မှုတွေကို အလွယ်တကူ ရရှိစေဖို့အတွက် မိုဘိုင်းနည်းပညာအသုံးပြုပြီး ငွေပေးချေမှုနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေအပြင် မိုဘိုင်းကွန်ရက် အော်ပရေတာတွေကပါ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ မိုဘိုင်းကွန်ရက် အော်ပရေတာလေးခုနဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း (Non-Bank Financial Institution-NBFI) တစ်ခုတို့ကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားပါ တယ်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ချေးငွေလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ အများပြည်သူတွေကို တစ်ဖက်တစ်လမ်းက ချေးငွေ ပံ့ပိုးပေးနိုင်ပြီး ငွေရေးကြေးရေးတွင် အလုံးစုံပါဝင်မှု (Financial Inclusion)ကို တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ NonBank Financial Institutions - NBFI) တည်ထောင်ခွင့်ပြုလျက်ရှိရာ NBFI ၂၉ ခုကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ ဘဏ်လုပ်ငန်းတွေ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံခြားဘဏ်နဲ့ဘဏ်ခွဲ စုစုပေါင်း ၁၃ ခု ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်ခွင့်ပေးထားပါတယ်။

 

ယခုတတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားဘဏ်နဲ့ဘဏ်ခွဲ (Branches) တွေအပြင် နိုင်ငံခြားဘဏ်တွေရဲ့ လက်အောက်ခံဘဏ် (Subsidiaries)တွေကိုလုပ်ကိုင်ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဘဏ် တွေနဲ့ ၃၅ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (Equity Participation) ကို ကိစ္စရပ်တစ်ခုချင်းအလိုက် ခွင့်ပြုသွားမှာဖြစ်ပါတယ်။

 

မေး။ ငွေကြေးကဏ္ဍ တည်ငြိမ်ဖို့အတွက် ဘဏ်တွေကို ကြီးကြပ်စစ်ဆေးခြင်းနဲ့ စောင့်ကြပ်ကြည့်ရှုခြင်းတို့နဲ့ ပတ်သက် ပြီး ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို တည်ထောင်ခွင့်ပြုပြီးနောက် ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဆုံးရှုံးနိုင်ခြေကို အခြေခံပြီး ကြီးကြပ်စစ်ဆေးခြင်း (Risk- Based Supervision) နည်းလမ်းနဲ့ ကျင့်သုံး ဆောင်ရွက်လျက်ရှိပါတယ်။

 

ဘဏ်တွေရဲ့ ငွေကြေးခိုင်မာတောင့်တင်းမှုက အဓိက အရေးကြီးတဲ့အတွက် ဘဏ်တွေ ခိုင်မာမှုရှိ၊ မရှိနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ Ratios တွေအတိုင်း ထားရှိဆောင်ရွက်မှု ရှိ၊ မရှိ စတာတွေကို အနီးကပ် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

 

ဆုံးရှုံးနိုင်ခြေကို High Medium နဲ့ Low ဆိုပြီး အဆင့်သတ်မှတ်ကာ ကြီးကြပ်စစ်ဆေးခြင်း နည်းဗျူဟာနဲ့ အစီအစဉ်ရေးဆွဲခြင်း၊ ကြီးကြပ်စစ်ဆေးမည့် လုပ်ငန်းနယ်ပယ် သတ်မှတ်ခြင်း၊ လုပ်ငန်းတွင်း စီမံအုပ်ချုပ်နေမှုအပေါ် ဘဏ်ရဲ့ ဒါရိုက်တာတွေ၊ စီမံခန့်ခွဲသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ဘဏ်တွေက ပြုပြင်လိုက်နာရမယ့် အချက်တွေကို Timeline သတ်မှတ်ပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။

 

ဘဏ်တွေ၊ ငွေရေးကြေးရေးကုမ္ပဏီတွေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေလိုက်နာရမယ့် လိုအပ်ချက်တွေကို ပြင်ပစာရင်း စစ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း ထိန်းကျောင်းလျက်ရှိပါတယ်။

 

မေး။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်နေမှုတွေကို သိပါရစေရှင့်။

 

ဖြေ။ AML/CFT ဆိုတာ Anti Money Laundering/ Countering the Financing of Terrorism ဖြစ်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းတိုက်ဖျက်ရေး ဖြစ်ပါတယ်။

 

ဘဏ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု ရှိ၊ မရှိကို နိုင်ငံတကာ သတ်မှတ်ချက်စံတွေနဲ့အညီ စစ်ဆေးလျက်ရှိပါတယ်။

 

စစ်ဆေးရာမှာ အဓိက အချက်ကြီး ၁၂ ချက်ကို အခြေခံပြီး စစ်ဆေးပါတယ်။ ဒီ ၁၂ ချက်က Governancel Customer Due Diligencei Transactions and Account Monitoring, Risk Assessment System and Procedures for Customers and Products/ Services STR Reportingi Threshold Transaction Reporting Politically Exposed Persons (PEPs), Correspondent Banking, Wire Transfers, Record keeping,  Internal Controls နဲ့ Staff Training တို့ ဖြစ်ပါတယ်။

 

ဘဏ်တွေကို အကြီး၊ အလတ်နဲ့အငယ်ဆိုပြီး အဆင့်သတ်မှတ်စစ်ဆေးပါတယ်။ ယခုဘဏ်ကြီး ငါးဘဏ်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ အလယ်အလတ်ရှိတဲ့ ဘဏ်ခြောက်ဘဏ် စစ်ဆေးခြင်းကို ဖေဖော်ဝါရီလအတွင်းမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အရွယ်အစားသေးငယ်တဲ့ ဘဏ်တွေကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

 

ဘဏ်တွေ ခိုင်မာတောင့်တင်းစေဖို့နဲ့ နိုင်ငံတကာဘဏ်စနစ်တွေနည်းတူ တရားမဝင်ငွေတွေ ဘဏ္ဍာရေးစနစ်အတွင်း ဝင်ရောက်မလာစေဖို့ မတည်ငွေရင်းတိုးမြှင့်တဲ့အခါ၊ ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါ၊ အစုရှယ်ယာ တွေ လွှဲပြောင်းတဲ့အခါတွေမှာ ငွေကြေးရင်းမြစ် (Source of Funds) ကို ငွေကြေးခဝါချမှုကင်းရှင်းခြင်း ရှိ၊ မရှိနဲ့ အခွန်ကင်းရှင်းခြင်းရှိ၊ မရှိအဓိကထားစစ်ဆေး လျက်ရှိပါတယ်။

 

AML/CFT နဲ့စပ်လျဉ်းပြီး နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း လိုက်နာမှု ရှိ၊ မရှိ ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၀၇ - ၂၀၀၈ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှု (Mutual Evaluation-ME) ပုံစံနဲ့ အကဲဖြတ်ခြင်းကို ခံယူခဲ့ပါတယ်။ အကြံပြုချက် ၄၀ အနက် မြန်မာနိုင်ငံအနေနဲ့ လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေနဲ့ ထပ်မံဆောင်ရွက်ဖို့ ရှိတာတွေကို Mutual Evaluation ပြုလုပ်ခြင်းနဲ့ ဖော်ထုတ်လိုက် နာစေပါတယ်။

 

၂၀၁၉ ခုနှစ်သြဂုတ်လက အာရှ - ပစိဖိတ် ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၉၉ ချက် သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ APG အစည်းအဝေးက လုပ်ငန်းစဉ် ၉၉ ချက်နဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှုတွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်း လင်းတင်ပြနိုင်ခဲ့တဲ့ အတွက် လိုက်နာရမယ့် လုပ်ငန်းစဉ် ၁၄ ချက် ကျန်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့ မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ထပ်မံရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ဆောင်ရွက်ရမယ့်  လုပ်ငန်းစဉ်ရှစ်ချက်သာ ကျန်ရှိပါတော့တယ်။

 

အဲဒီ လုပ်ငန်းစဉ် ရှစ်ချက်အနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ဖို့ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း၊ ဩဇာတိက္ကမကြီးမားသူတွေ၊ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ ဒေသတွေ၊ သံသယဖြစ်ဖွယ် လွှဲပြောင်း ဆောင်ရွက်မှု သတင်းပေးပို့ချက်စတဲ့ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ နယ်ပယ်တွေကို ကြီးကြပ်စစ်ဆေးမှုအနေနဲ့ ဘဏ်ကြီး တွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (On-Site Examination)နဲ့ အလတ်စားဘဏ်တွေကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

 

ဒုတိယအချက်က လက်ရှိထုတ်ပြန်ပြီးဖြစ်တဲ့ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်း အကောင်အထည်ဖော်မှုတွေကို သရုပ်ပြနိုင်ရေးအတွက် တရားဝင် လိုင်စင်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့၊ ဒီစည်းမျဉ်းပျံ့နှံ့ရောက်ရှိဖို့နဲ့ ကြီးကြပ်စစ်ဆေးဖို့ အချက်တွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အပြီးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

 

Financial Action Task Force (FATF) အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်မှုနဲ့ တိုးတက်မှုတွေကို စောင့်ကြည့်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုနဲ့ တိုးတက်မှုအခြေအနေတွေနဲ့ စပ်လျဉ်းတဲ့ တိုးတက်မှုအစီရင်ခံစာကို အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) ကို လေးလတစ်ကြိမ် ပေးပို့ရပါတယ်။

 

မေး။ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေမှုတွေကို ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ ကမ္ဘာ့ဘဏ်ရဲ့ ကျွမ်းကျင်မှုအကူအညီနဲ့ ငွေပေးချေမှုစနစ်တစ်ခုလုံးအတွက် ဥပဒေပိုင်းဆိုင်ရာ လိုအပ်တဲ့ဥပဒေ ကြမ်းကို ရေးဆွဲလျက်ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ Central Bank Network System (CBM - Net  system)ကို ပိုမိုပြီး တဖြည်းဖြည်းတိုးတက် ကျယ်ပြန့်လာစေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

 

နိုင်ငံတကာမှာ အသုံးပြုမှုတွင်ကျယ်လာတဲ့ ငွေပေးချေမှုနည်းလမ်းတစ်ခုဖြစ်တဲ့ QR Code Payment ကို အသုံးပြုနိုင်ဖို့ လျင်မြန်တဲ့ ငွေပေးချေမှုနည်းလမ်းအတွက် မြန်မာနိုင်ငံရဲ့ စံသတ်မှတ်ချက် (National Standard for QR Code) ဖြစ်တဲ့ MMOR ကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

 

ဈေးကွက်မှာ နေရာရယူထားပြီးဖြစ်တဲ့ International Card တွေဖြစ်တဲ့ Master Card, VISAI JCB နဲ့ UPI တို့ရဲ့ Acquiring တွေသာမက  e-wallet provider တွေဖြစ်တဲ့ Alipay နဲ့ WeChat Pay တို့အတွက် Acquiring ဝန်ဆောင်မှုတွေကို စည်းစနစ်ကျစွာ မူဘောင်အတွင်းက ခွင့်ပြုဆောင်ရွက်နိုင်ဖို့အတွက် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း (Merchant Acquiring Service) ဆိုင်ရာ အမိန့်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဘဏ်တွေအနေနဲ့ အလိုအလျောက်ငွေထုတ်စက် (Automatic Teller Machine - ATM) တွေတပ်ဆင်ပြီး ငွေထုတ်ယူနိုင်ဖို့ ဝန်ဆောင်မှုပေးလျက်ရှိရာ တချို့ဘဏ်တွေက ငွေထုတ်ယူမှုနဲ့ ငွေပေးသွင်းမှုပြုနိုင်တဲ့ အလို အလျောက် ငွေသွင်း/ငွေထုတ်စက် (Cash Recycling ATM/ Cash Recycler Machine - CRM) စက်တွေ တပ်ဆင်ပြီး ဝန်ဆောင်မှုပေးလျက်ရှိတဲ့အတွက် ATM သို့မဟုတ် CRM စက်တွေ တပ်ဆင်ရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ကြိုတင်ခွင့်ပြုချက်ရယူပြီးမှသာ တပ်ဆင်ဆောင်ရွက်ဖို့နဲ့ အနည်းဆုံး လိုက်နာဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ နဲ့စပ်လျဉ်းပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှာ ဘဏ်တွေကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

 

ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေ လွယ်ကူအဆင်ပြေဖို့ဘဏ်ကို သွားရောက်ပြီး ငွေတွေစုပြုံထုတ်မယ့်အစား မိုဘိုင်းဘဏ် လုပ်ငန်းဝန်ဆောင်မှု အသုံးပြုခြင်း၊ အလိုအလျောက်ငွေထုတ်စက် (ATM)တွေ အသုံးပြုခြင်းနဲ့ အလိုအလျောက် ငွေသွင်း/ငွေထုတ် onds (Cash Recycling ATM/Cash Recycler Machine - CRM) တွေ အသုံးပြုခြင်းစတဲ့  ဘဏ်ဝန်ဆောင်မှုတွေကို ရယူနိုင်ပါတယ်။

 

ဘဏ်တွေကို ဘဏ်ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ်ပေးနိုင်ရေးအတွက် ATM စက်တွေမှာ ငွေမပြတ်လပ်စေဖို့နဲ့ စက်တွေမပျက် အောင်ထားရှိဖို့ဘဏ်တွေကို ညွှန်ကြားထားပါတယ်။

 

မေး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအနေနဲ့ ပြည်သူလူထုကို အသိပေးပြောကြားလိုတာတွေရှိရင် ပြောကြားပေးစေ လိုပါတယ်ရှင့်။

 

ဖြေ။ အထူးအလေးပေး ပြောကြားချင်တာက တိုးတက်ဖွံ့ဖြိုးလာတဲ့ ဆက်သွယ်ရေးကွန်ရက် (Telecommunication Network) ကို အသုံးပြုပြီး အလွဲသုံးစားလုပ်မှုတွေ၊ ငွေကြေးလိမ်လည်မှုတွေနဲ့ တရားဝင်ငွေအပ်နှံခြင်းနဲ့ စပ်လျဉ်းပြီး ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေမှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

 

လိမ်လည်သူတွေက အွန်လိုင်းမှာ ရင်းနှီးမှုရယူပြီး လက်ဆောင်၊ ငွေနဲ့ပစ္စည်းတွေကို ပို့လိုက်တယ်လို့ပြောဆိုပြီး လေဆိပ်မှာ လာရောက်ရွေးချယ်ဖို့အတွက် သူတို့ပေးတဲ့ ဘဏ်ငွေစာရင်းတွေကို ငွေလွှဲပို့စေခြင်းမျိုး၊ တချို့လိမ်လည်သူ တွေက အွန်လိုင်းကနေ အတိုးပေးမယ်လို့ ယုံကြည်အောင်ပြောဆိုပြီး အပ်နှံငွေတွေလက်ခံခြင်းမျိုး၊ တချို့လိမ်လည် သူတွေက Facebook Account အသုံးပြုပြီး လေလံစုမဲတာဝန်ခံဒိုင်အဖြစ် ဆောင်ရွက်ပြီး အပ်နှံငွေတွေ လက်ခံတာ၊ လေလံစုမဲ တွေကို အမြတ်ငွေနဲ့ ပြန်လည်ရောင်းချတာတွေ ပြုလုပ်တဲ့အပြင် လက်ခံထားတဲ့ငွေတွေကို လိမ်လည်တာ မျိုးတွေ ပြုလုပ်နေကြပါတယ်။

 

ဒီလိုမျိုး လိမ်လည်မှုတွေ လျော့ကျသွားဖို့အတွက် ပြည်သူတွေအနေနဲ့ တိုးတက်လာတဲ့ ဆက်သွယ်ရေးနည်းပညာတွေကို လေ့လာပြီး ကောင်းမွန်စွာအသုံးချနိုင်ဖို့ လိုအပ်သလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မသမာမှုနဲ့လိမ်လည်မှု တွေကို ထိရောက်စွာထိန်းချုပ်ဖို့ လိုအပ်ပါတယ်။   ။