မြန်မာနိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမည်

ရန်ကုန်  ၈  နိုဝင်ဘာ

 

နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန မှသိရသည်။

 

မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ် သေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန် နှင့် မြန်မာနိုင်ငံ၌ (၂၀၂၃)ခုနှစ်တွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါကင်းစင်၍ မွေးရာပါဂျိုက်သိုးရောဂါ ပပျောက်စေရန် ရည်ရွယ်ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို တစ်နိုင်ငံလုံးရှိ အသက်(၉) လမှ (၅) နှစ်ခွဲအတွင်းရှိသော ကလေးသူငယ်များကို ယခင်က ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ၊ ဝက်သက် (သို့) ဂျိုက်သိုးပေါက်ဖူးသည်ဖြစ်စေ၊ မပေါက်ဖူးသည်ဖြစ်စေ၊ အသက် (၉) လမှ (၅) နှစ်ခွဲအောက် ကလေးအားလုံးကို ကာကွယ်ဆေး အပိုဆောင်းတစ်ကြိမ် ထိုးနှံပေးမည်ဖြစ်ရာ မိဘပြည်သူတို့အနေဖြင့် မိမိတို့၏ ရင်သွေးကလေးငယ်များ အသက်အန္တရာယ် ကင်းဝေး၍ ကျန်းမာသန်စွမ်းစေရန် အပိုဆောင်းဆေးထိုးခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ရန်လိုအပ်ခြင်း ဖြစ်သည်။

 

ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကို အစုလိုက်ထိုးနှံပေးခြင်းဖြင့် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကူးစက်မှုအတွက် ခုခံနိုင်စွမ်းအားမရှိသော ကလေးသူငယ်များကို ခုခံကာကွယ်စွမ်းအား ကျယ်ပြန့် ကောင်းမွန်စေမည်ဖြစ်သည်။  မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ ဝက်သက်ရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားခြင်း (၂၁) ကြိမ် ဖြစ်ပွားခဲ့ပြီး (၂၀၁၈) ခုနှစ်တွင် ဝက်သက်ရောဂါသည် ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံတွင် ဆက်လက်ကူးစက် ပျံ့နှံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံအဝန်း လွှမ်းခြုံနိုင်ရန် (၃) ရက်တာ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရာတွင် မြို့နယ်၊ ကျေးရွာအလိုက် သတ်မှတ်နေရာများတွင် အစုလိုက် ထိုးနှံပေးမည်ဖြစ်ရာ ကလေးငယ်များအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လာရောက်ထိုးနှံ နိုင်မည်ဖြစ်သည်။

 

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကို အသက် (၉) လတွင် ပထမတစ်ကြိမ်၊ အသက် (၁၈) လတွင် ဒုတိယအကြိမ်ဖြင့် နှစ်ကြိမ် ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ယခု အပိုဆောင်းကာကွယ်ဆေးကို ထပ်မံထိုးနှံပေးခြင်းသည် ဝက်သက်နှင့် ဂျိုက်သိုးမပေါက်ဘူးသော၊ ရောဂါခုခံအား မရှိသော လူတိုင်း ရောဂါကူးစက်မှု ဖြစ်ပွားနိုင်ခြင်းကြောင့် ရောဂါကာကွယ်နိုင်ရန် ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းဖြစ်သည်။

 

ဝက်သက်ရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး လွန်စွာကူးစက်မြန်သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ပြင်းထန်အရည်ခမ်းခြောက်သော ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင် ရောဂါများနှင့် ပြင်းထန်အာဟာရ ချို့တဲ့ရောဂါများ ရရှိ၍ သေဆုံးနိုင်ကြောင်း၊ ဂျိုက်သိုးရောဂါ ကူးစက်မှုသည် ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ ရောဂါကူးစက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးရာပါဂျိုက်သိုးရောဂါ ခံစားရသော ကလေးငယ်အဖြစ် မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ နားမကြား ဆွံ့အခြင်းများဖြစ်ပွားတတ်ကြောင်း နောက်ခံသမိုင်းကြောင်းအရ သိရသည်။

 

“နိုင်ငံတစ်ဝန်းလုံးဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းဟာ ယခုအကြိမ်ဟာ အရေးကြီးပါတယ်။ နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်နေ့ထိ ထိုးနှံသွားမှာပါ။ ရန်ကုန်တိုင်းဒေသကြီးက (၄၅) မြို့နယ်မှာ ကလေး (၅၇၄၂၀ဝ) ကို ကာကွယ်ဆေး အပိုဆောင်းထိုးဖို့ ရည်မှန်းထားတယ်။ ကာကွယ်ဆေး (၆၃၇၃၆၀) ကို ထိုးနှံသွားမှာပါ။ ကလေးတစ်ဦးကို အမေရိကန်ဒေါ်လာ ၁ ဒ ဿမ ၂ ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ ဆေးမထိုးတဲ့သူတွေ ကူးစက်နိုင်တာကြောင့် တစ်ယောက်မကျန် ထိုးနှံပေးဖို့ရည်ရွယ်တာပါ။ ငါးနှစ်အောက် ကလေးသေဆုံးမှုကို လျှော့ချနိုင်မှုနဲ့ ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေပါတယ်” ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး (ရန်ကုန်တိုင်းဒေသကြီး) ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

 

ဝက်သက်နှင့်ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုအား မြန်မာပြည်တစ်ဝန်းရှိ မြို့နယ်ပေါင်း (၂၃၄) မြို့နယ်တွင် အောက်တိုဘာ (၂၅) ရက်မှ (၂၈) ရက်ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံ - သန်းစိုး သန်းထိုက်