မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် မိသားစုများ မြိတ်-ကျွန်းစုသို့ လေ့လာရေးခရီး ရောက်ရှိ

မြိတ်   ၉  ဖေဖော်ဝါရီ   

တနင်္သာရီတိုင်းဒေသကြီး၏ သဘာဝအလှအပများ၊ ယဉ်ကျေးမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာရန်  ရောက်ရှိနေသော  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး နှင့်တာဝန်ရှိသူများက  မြိတ်လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။  

 

a

 

သံတမန်လေ့လာရေးအဖွဲ့သည် နံနက်ပိုင်းတွင် မြိတ်မြစ်အတွင်း ရေယာဉ်ဖြင့် လှည့်လည်ကြည့် ရှုခဲ့ကြ၍ ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်း ပတ်ဝန်းကျင်ကို သွားရောက်လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံ လျောင်းတော်မူဘုရားများ၌  သတ္တမမြောက်အကြီးဆုံး ဘုရားတစ်ဆူဖြစ်ပြီး  ဉာဏ်တော်အလျားမှာ (၂၁၆) ပေ၊ အမြင့်မှာ(၅၇)ပေရှိကာ ဘုရားကြီး၏ အတွင်းပိုင်းရှိ အခန်းပေါင်း(၁၄)ခန်းတွင် ဌာပနာဘုရား ဆင်းထုတော်၊  မုဒြာအမျိုးမျိုး ဆင်းထုတော်များ၊  ဘုရားရုပ်ပွားတော်များကို စီကာရီကာ နံရံကပ်တပ် ဆင်ပူဇော်ထားရှိသည့်   ပထက်ကျွန်းရှိ အတုလရံသီ ရွှေသာလျောင်း လျောင်းတော်မူဘုရားသို့ရောက်ရှိ ဖူးမြော်ကြည်ညိုခဲ့ကြသည်။ 

ထိုမှတစ်ဆင့် ပြည်ဖြိုးထွန်းကုမ္ပဏီ၏ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းအား သွားရောက်လေ့လာ ခဲ့ကြသည်။ ဆက်လက်၍ နေ့လယ်ပိုင်း၌ မြိတ်မြို့တွင် ဘုရားဓာတ်တော်(၃)ဆူ ဌာပနာ၍ သက်တမ်း (၂၈၉)နှစ်ရှိပြီဖြစ်သော ဉာဏ်တော်အမြင့် (၈၂)ပေ(၉)လက်မရှိသည့် မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီး စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး သဘာဝငှက်သိုက်အိမ်၊ Myeik Shopping Centre  တို့ကို သွားရောက် လေ့လာခဲ့ကြသည်။

 

a

 

ညပိုင်း၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီးတို့က မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့်ဇနီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် ၎င်းတို့၏ ဇနီး၊ ခင်ပွန်းများအား  မြိတ်ကော်ပို ရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။  

ခိုင်ထူး (မြိတ် ပြန်/ဆက်)