မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဝန်ထမ်းများ၊ ဖူဆယ်ကလပ်အသင်းများမှ ကစားသမားများနှင့် ဒိုင်လူကြီးများအတွက် လှူဒါန်း

ရန်ကုန်  ၁၁  ဇွန်


ဧရာဝတီဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဝန်ထမ်းများ၊ ဖူဆယ်ကလပ်အသင်းများမှ ကစားသမားများနှင့် ဒိုင်လူကြီးများအတွက် ဆန်နှင့် အစားအသောက်များအား  ဒုတိယအကြိမ် လှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ ၁၀ ရက်က နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
 

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်တို့က ဖူဆယ်ကလပ်အသင်းများမှ ကစားသမား ၂၇၅ ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဝန်ထမ်း ၂၂၉ ဦးနှင့် ဒိုင်လူကြီး ၄၀ ဦးတို့အား ဆန်၊ ဆီနှင့် ငါးသေတ္တာဘူးများ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့ပြင် ဇွန် ၁၁ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာနှင့် သတင်းဆက်သွယ်ရေးကော်မတီနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ သက်ကြီးအားကစားမီဒီယာနှင့် အားကစားသတင်းထောက် ၁၃၈ ဦးအား ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် COVID-19 ကာကွယ်၊ ကုသလုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး ငွေကြေးနှင့် ဆေးဝါးများ၊ ကုသရေးစက်ပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ၊ အခြားလိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆေးရုံများနှင့် အကူညီ လိုအပ်နေသည့် နေရာဒေသအသီးသီးသို့ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF