မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ပြုလုပ်

၃၀ ဇန်နဝါရီ

တတိယအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ကို ယနေ့နံနက်ပိုင်းက Video Conferencing ဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးသည်။

ကွန်ဂရက်တွင် ရှေးဦးစွာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌအင်ဖန်တီနို ပေးပို့သည့် ကြိုဆိုနှုတ်ခွန်းဆက်စကား ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏၂၀၁၉ ဘဏ္ဏာရေးနှစ် ရငွေ/သုံးငွေနှင့် လက်ကျန်စာရင်း၊ ဖွဲ့စည်းပုံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမြဲတမ်း ညွှန်ကြားချက်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲရန် အဆိုပြုခြင်း၊ အတည်ပြုခြင်းများပြုလုပ်ခြင်းများပြုလုပ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၁အတွင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ငွေကြေးသုံးစွဲမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာသော ကိုယ်စားလှယ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ်အတွင်း လှုပ်ရှားမှုများအား Video Clip ဖြင့်ပြသခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မြို့နယ်ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်သစ် (၉)မြို့နယ်ဖြစ်သော ချင်းပြည်နယ်မှ ထန်တလျန်မြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ မတူပီ မြို့နယ် ဘောလုံးအဖွဲ့ချုပ်၊မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ် ဘောလုံးအဖွဲ့ချုပ်၊ နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ လယ်ဝေးမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ ဇမ္ဗူသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ ပုပ္ဗသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ ဒက္ခိဏသီရိမြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ ဇေယျာသီရိမြို့နယ် ဘောလုံးအဖွဲ့ချုပ် အမည်စာရင်းများကို ကြေညာခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF