မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော သကြားအား ဂရိနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိလာ

မန္တလေး ၃၁ ဇန်နဝါရီ

 

မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော သကြားကို ဂရိနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ဆိပ်ကမ်းအရောက် တစ်တန်လျှင် ဒေါ်လာ ၄၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်းက ပြောကြားသည်။

 

''တရားဝင် တင်ပို့ပြီး ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်တွင်းမှာက လည်း သကြားဈေးကွက် ပျက်လုနီးနီး ဖြစ်နေတဲ့အပြင် အရေအတွက် တော်တော်များများလည်း ကျန်ရှိနေကြတယ်။ ဒါကြောင့် တင်ပို့နိုင်အောင် လုပ်ငန်းရှင်အားလုံးကို အသင်းအနေနဲ့ စာထုတ်ပြီး အသိပေးထားတယ်။ စိတ်ဝင်စားသူတွေအနနဲ့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အသင်းကို ဆက်သွယ်ကြပါ'' ဟု ၎င်းက ပြောသည်။

 

အဆိုပါ ဝယ်ယူမှုတွင် တစ်လလျှင် တန်ချိန် တစ်ထောင်ခန့်ဖြင့် ကာလကန့်သတ်ချက်မထားဘဲ ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည့်အပြင် ဝယ်ယူမည့်ဈေးနှုန်းမှာလည်း မြန်မာနိုင်ငံမှ လက်ရှိဈေးနှုန်းထက် အနည်းငယ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

 

5

 

''မြန်မာနိုင်ငံက ထွက်ကုန်တွေကို တရုတ်ကိုပဲ အဓိက အားထားပြီး တင်ပို့နေရတယ်။ သူတို့ကလည်း မြန်မာနိုင်ငံက ပစ္စည်းဆိုရင် တရားဝင် တင်ပို့ခွင့် မပြုပေမယ့် ဈေးနည်းနည်းနဲ့ တင်ပို့ရင်တော့ ဝယ်ယူကြတယ်။ ဒါကြောင့် အခု ဂရိနိုင်ငံက တရားဝင်ကမ်းလှမ်းတာကို လက်မလွှတ်ဘဲ အဆင်ပြေအောင် တင်ပို့ ကြဖို့လိုတယ်။ ဒါမှ ဈေးကွက်အသစ်လည်း ရမယ်။ ရေရှည်လုပ်သွားမယ်ဆိုရင် အကျိုးများနိုင်မယ်လို့ ထင်တယ် ''ဟု သကြားစက် ပိုင်ရှင်တစ်ဦးက ပြောသည်။

 

၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် Re-export သကြားများကို ပြည်တွင်းသို့ တင်သွင်း ခွင့်ပြုခဲ့ရာ လုပ်ငန်းရှင်များမှ အရေအတွက်အများအပြား တင်သွင်းခဲ့ခြင်း ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများကလည်း ၎င်းတို့ အသုံးပြုသော ပမာဏထက် ပိုမိုကာ သကြားများကို တင်သွင်းခဲ့ခြင်းနှင့် တရုတ်နိုင်ငံမှလည်း သကြားဝယ်ယူမှုကို လုံးဝရပ်နားလိုက်ခြင်းကြောင့် ပြည်တွင်းတွင် သကြားအရေအတွက် များပြားစွာ ကျန်ရှိနေသည့်အချိန်တွင် ယခုကဲ့သို့ ဝယ်ယူမှု ရှိလာခြင်းသည် ဈေးကွက်အတွက် အကျိုးရှိနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)