မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူနိုင်ငံသို့ ရောက်ရှိ

နေပြည်တော်   ဒီဇင်ဘာ   ၂

 မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်က ရောက်ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းများမှာ နိုဝင်ဘာလ ကုန်ပိုင်းကတည်းက ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သောကြောင့် ကြိုတင် လာရောက်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှု အဖြစ် တူရကီနိုင်ငံတွင် တစ်လကျော်သွားရောက်လေ့ကျင့်ခဲ့ပြီး တူရကီနိုင်ငံမှ စင်ကာပူနိုင်ငံသို့ တိုက်ရိုက် လာရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့ဝင် ၁၂ ဦး၊ ကစားသမား ၂၄ ဦး လိုက်ပါလာပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ကစားနေသည့် ဟိန်းထက်အောင်မှာ မူစင်ကာပူနိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၁ ရက်မှစ၍ စင်ကာပူနိုင်ငံတွင် လေ့ကျင့်လျက်ရှိပြီး အပြီးသတ် လူစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီ ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲလေးပွဲကစားခဲ့ရာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီး ဖလားပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူ အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။

ကိုညီလေး