မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဗီယက်နမ်သို့ ထွက်ခွာ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲမတိုင်မီ ဗီယက်နမ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲ ကစားရန် ယနေ့နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နူတ်ဆက်ကြသည်။

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် အုပ်ချုပ်သူ- ဦးကြည်မင်းသိန်း၊ နည်းပြချုပ်-ဦးဌေးမြင့်၊ အသင်းအတွင်းရေးမှူး- ဦးအောင်မော်သိန်း၊ လက်ထောက်နည်းပြ- ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ- ဦးထွန်းထွန်းလတ်၊ ဂိုးသမား- ကျော်ထက်အောင်၊ ရန်ပိုင်ဟိန်း၊ ဇွဲပြည့်စုံ၊ ကစားသမား- ခင်ဇော်လင်း၊ ကိုကိုလွင်၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊ ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊ ကျော်ကျော်ထွန်း၊ မျိုးမြင့်စိုး၊ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ရဲရင့်ဦး၊ ကောင်းချစ်သူ၊ မျိုးသက်အောင်၊ ထွဋ်ပြည့်ရှိန်းတို့ လိုက်ပါသွားသည်။

 

မြန်မာဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံသို့ တစ်ပတ်ကြိုတင် သွားရောက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက် (ယနေ့)တွင် ကာရိုဘန်းအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဆိုင်ဂုံအသင်းတို့နှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။

 

မြန်မာဖူဆယ်အသင်းသည် ယင်းနှစ်ပွဲအပြီးတွင် ကစားသမားလေးဦး လျှော့ချကာ အပြီးသတ်ကစားသမား ၁၆ ဦး ရွေးချယ်မည် ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-MFF