မြန်မာ့လက်မှု ငွေထည်ပစ္စည်းများကို  ပြည်ပသို့ တင်ပို့ရောင်းချခွင့်အတွက် ကန့်သတ်ချက်လေးများ ဖြေလျှော့ပေးစေလို

စစ်ကိုင်း၊ ၁၆ ဇန်နဝါရီ

မြန်မာ့လက်မှု ငွေထည်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်အား နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ချက်လေးတစ်ခု ထားကာ ကင်းလွတ်ခွင့်ပေးပြီး လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့် ပေးစေလို ကြောင်း မြန်မာ့လက်မှု ငွေထည် ကြေးထည်အသင်း(ရွာထောင်)မှ သိရသည်။

မြန်မာလက်မှု ငွေထည်ပစ္စည်းများအနေဖြင့် ပင်ကိုယ်အရပင်လျှင် ကုန်ကြမ်းတန်းဖိုးကြီးခြင်း၊ အချိန်ကာလ ကြာမြင့်စွာမှ သင်ယူတတ်မြောက်လာသည့် လက်မှုပညာရှင်တို့၏ လုပ်အားခ ကြီးမြင့်ခြင်း စသည်တို့ကြောင့် ထုတ်ကုန်ပစ္စည်းမှာလည်း စျေးနှုန်းမြင့်မာခြင်းကြောင့် အဓိကအားဖြင့် ပြည်ပ စျေးကွက်ကို ဦးတည်ထုတ်လုပ်ရကြောင်း၊ ယခုအခါတွင် ပြည်ပသို့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ များ ကြုံတွေ့ရသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ချက်လေးတစ်ခုထားကာ ကင်းလွတ်ခွင့် ပေးပြီး လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပေးစေလိုကြောင်း မြန်မာ့လက်မှု ငွေထည်ကြေးထည်အသင်း (ရွာထောင်) ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပြသည်။

ငွေထည်လုပ်ငန်း စျေးကွက်က ကျဉ်းမြောင်းရတဲ့အနေအထားက ကန့်သတ်ချက်လေးတွေရှိလို့ပါ။ ကန့်သတ်ချက်ဆိုတာ လက်မှုပညာနဲ့ ထုတ်လုပ်ထားတဲ့ ငွေထည်ပစ္စည်းတွေကို သယ်ယူရောင်းချတဲ့ နေရာမှာ လွယ်လင့်တကူမရှိတဲ့ ကန့်သတ်ချက်လေးတွေ ရှိတယ်။ ပြည်ပနိုင်ငံတစ်ခုကို ပစ္စည်းတစ်ခု သယ်ယူသွားမယ်ဆိုရင် လေဆိပ်မှာ သူတို့ ကန့်သတ်ထားတဲ့ ပစ္စည်းအနေအထားမျိုး ဖြစ်နေတာ ပေါ့နော်။ လွယ်ကူလွတ်လပ်စွာ သယ်ခွင့်မရတဲ့အခါကျတော့ နိုင်ငံခြားသားခရီးသွားတစ်ဦးက ဝယ်ပြီး သယ်သွားမယ်ဆိုရင်  လမ်းမှာ အခက်အခဲရှိတော့ ဒီပစ္စည်းလေးကို မဝယ်ချင်ကြတော့ဘူး ဖြစ်သွားတာ၊။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့  လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖိုဆိုရင်  တစ်နိုင်တစ်ပိုင် လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေအပေါ်မှာ သင့်တင့်တဲ့ ကင်းလွတ်ခွင့်လေးတွေ ပေးစေချင်တယ်။ ဧည့်သည်တစ်ယောက်က သယ်သွားမယ်ဆိုရင်  သယ်သွားတဲ့ပစ္စည်းအပေါ် ဒေါ်လာနဲ့ သတ်မှတ်လို့ ရတယ်။ ဒါမှမဟုတ် ကီလိုနဲ့လည်း သတ်မှတ်လို့ရတယ်။ သဘောက လေဆိပ်မှာ  ကီလို() သယ်ယူခွင့် သတ်မှတ်ထားမယ်ဆိုရင် ကီလို  (၂၀) အတွင်းလောက်က ပစ္စည်းမျိုးကို ကျွန်တော်တို့က လွတ်လပ် ခွင့်လေး ပေးစေချင်တာပေါ့။ သင့်တော်တဲ့နှုန်းလေး တစ်ခုခု ညှိနှိုင်းပြီးတော့ ကင်းလွတ်ခွင့်လေး ပေးတယ်ဆိုရင်တော့ ကမ္ဘာကျော်ခဲ့တဲ့ ငွေထည်လက်မှုပညာတွေက တချိန်ချိန်မှာ ပြန်လည် ဦးမော့ လာမယ်လို့ ထင်ပါတယ်ဟု  ၎င်းက ဆက်ပြောသည်။

ပြည်တွင်း၌ ငွေထည်ပစ္စည်းကို အသုံးပြုမှုမှာ နည်းပါပြီး ကြေးထည်ပစ္စည်းများကိုသာ အသုံးပြုမှု များပြားသဖြင့်  ပြည်တွင်း ငွေထည်  စျေးကွက်၏ ကောင်းအားမှာ  ကျဆင်းနေကြောင်း၊ ငွေထည် ပစ္စည်းများကို  ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွ များ၊ ဇာတ်တော်ကြီးများ ထုလုပ် ရောင်းချလျက်ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထို ကျော်ကြားသည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ်ဖောက်ကားနိုင်ပါက ငွေပန်းတိမ် လောကမှာ ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိကြောင်း  မြန်မာ့လက်မှု  ငွေထည်  ကြေးထည် အသင်း (ရွာထောင်)မှ သိရသည်။

စစ်ကိုင်းမြို့ ရပ်ထောင်ရပ်ကွက်တွင် ငွေထည် ကြေးထည် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ အများအပြား ရှိပြီး လုပ်ငန်းရှင်အနေဖြင့် (၃၀)ခန့်ရှိကြောင်းနှင့် စစ်ကိုင်း-ရွှေဘို-မုံရွာ ကားလမ်းမကြီးဘေးတွင် ဖွင့်လှစ်ရောင်းချနေသည့် ငွေထည်ကြေးထည် ဆိုင်အနေဖြင့် ၁၅ ဆိုင်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ခိုင်ဇေယျ(စစ်ကိုင်း)