မြန်မာကလပ်ယှဉ်ပြိုင်ရမည့် အာရှကလပ် အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အရှေ့အာရှဇုန်ပွဲစဉ်များကို ကပ်ရောဂါအပေါ်မူတည်၍ ပြုလုပ်မည်

mdn

ရန်ကုန် သြဂုတ် ၄


အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ် ယှဉ်ပြိုင်ရမည့် ၂၀၂၁ အာရှကလပ် အမျိုးသမိးချန်ပီယံရှစ်ပြိုင်ပွဲ အရှေ့အာရှဇုန်ပွဲစဉ်များကို ကိုဗစ်-၁၉ ကပ်ရောဂါအပေါ်မူတည်၍ ပြုလုပ်သွားမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၁ အာရှကလပ် အမျိုးသမိးချန်ပီယံရှစ်ပြိုင်ပွဲ အနောက်အာရှဇုန်ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံ ထုတ်ပြန်ခဲ့ပြီး အရှေ့အာရှဇုန်ပွဲစဉ်ကိုမူ ကပ်ရောဂါအပေါ်မူတည်၍ ပြုလုပ်မည်ဖြစ်ကြောင်း တစ်ပေါင်းတည်းထုတ်ပြန်ခဲ့သည်။ အနောက်အာရှဇုန်တွင် ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယနှင့် အီရန်ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ဂျော်ဒန်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်သည်။  အရှေ့အာရှဇုန်တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တိုင်ပေကလပ်အသင်းများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ ခုနှစ်တွင်စတင်ကျင်းပမည့် အာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ပြိုင်ပွဲအတွက် ရည်ရွယ်ကာ ယခုပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။ ၂၀၂၁ အာရှကလပ် အမျိုးသမိးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် တရုတ်ကလပ်အသင်းလေးသင်း ယှဉ်ပြိုင်ခဲ့ပြီး ဂျပန်ကလပ်အသင်းက အမှတ်အများဆုံးရရှိကာ ချန်ပီယံဖြစ်ခဲ့သည်။ 

ယင်းပြိုင်ပွဲကို ပြည်တွင်းလိဂ်ချန်ပီယံအသင်းများဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပါကလည်းက လိဂ်ချန်ပီယံအသင်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၈-၂၀၁၉ ရာသီကျင်းပပြီးနောက်ပိုင်း ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ မြန်မာအမျိူးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီကျင်းပပြီးနောက်ပိုင်း ရပ်နားထားရခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတိအသင်း၊ ၂၀၁၈-၂၀၁၉ ရာသီတွင် အားကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့ပြီး အကယ်၍ ယခုနှစ်တွင် အာရှကလပ် အမျိုးသမိးချန်ပီယံရှစ်ပြိုင်ပွဲကျင်းပဖြစ်ပါက နောက်ဆုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် အားကာသိပ္ပံအသင်း ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

မြန်မာအမျိုးသမီးကလပ်အသင်းများမှာ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ ယခုပြိုင်ပွဲယှဉ်ပြိုင်ရပါက အာရှအဆင့်တွင် ပထမဆုံးယှဉ်ပြိုင်ရခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ကိုညီလေး