မြန်မာကလပ်များယှဉ်ပြိုင်ခွင့်ရထားသည့် AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၁၃

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၂ AFC Cup ပြိုင်ပွဲ အုပ်စု မဲခွဲပွဲကို ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၂ AFC Cup ပြိုင်ပွဲကို ဇုန်များခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်များသည် အာဆီယံဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ဇုန်များအဖြစ် အာဆီယံဇုန်၊ အနောက်အာရှဇုန်၊ အလယ်ပိုင်းဇုန်၊ အရှေ့အာရှဇုန်၊ တောင်အာရှဇုန်ဟူ၍ ဇုန်ငါးခုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာကလပ်များပါဝင်သည့် အာဆီယံဇုန်တွင် အသင်း ၁၂ သင်းပါဝင်မည်ဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုအဆင့်တွင် မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ ဗီယက်နမ် ကလပ် ဗီတယ်လ်၊ မလေးရှားကလပ် ကွာလာလမ်ပူစီးတီးနှင့် ကီဒက်ရှ်၊ စင်ကာပူကလပ် ဟောင်အန်ယူနိုက်တက်နှင့် တမ်ပနိစ်ရိုဗာ၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်နှင့် မာကာဆာ၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း စုစုပေါင်း ၁၁ သင်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားပြီး ကမ္ဘောဒီးယားကလပ် ဗီဆာခါနှင့် လာအိုကလပ် Young Elephants of ခြေစစ်ပွဲယှဉ်ပြိုင်ပြီး အနိုင်ရသည့်အသင်းမှာ နောက်ဆုံးအဆင့်သို့ တက်ရေရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အာဆီယံဇုန် အုပ်စုပွဲစဉ်များ ကို ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် ယခင်က ခြေစစ်ပွဲအဆင့်မှစတင်ကစား ရမည်ဖြစ်သော်လည်း တီမောနှင့် ဘရူနိုင်းကလပ်အသင်းတို့ ကလပ်လိုင်စင်မရရှိသဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရာ ခြေစစ်ပွဲကစားရန် မလိုဘဲ အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်များဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ အုပ်စုအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စု အဆင့်အပြင် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲလည်း ယှဉ်ပြိုင်ခွင့်ရထားသည်။ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းလိဂ်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ မကျင်းပနိုင်သဖြင့် နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၂၀ ပြိုင်ပွဲ ချန်ပီယံရှမ်းယူနိုက်တက်နှင့် ဒုတိယဆုရသည့် ဟံသာဝတီအသင်းတို့ကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်သင်းသည် ၂၀၂၁ ခုနှစ်က အာရှအဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း နုတ်ထွက်ခဲ့သည်။

ရဲရင့်လွင်