မြန်မာဆီထွက်သီးနှံ မြေပဲများ တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ဈေးနှုန်းသိသာစွာ မြင့်တက်လာ

မန္တလေး၊  ၂၄  ဇန်နဝါရီ

 

ယခုရက်ပိုင်းအတွင်း မန္တလေးပဲဈေးကွက်တွင် တရုတ်နိုင်ငံ၏ ရုတ်တစ်ရက် ဝယ်လိုအား မြင့်တက်လာမှုကြောင့် မြန်မာထွက်ကုန် ဆီထွက်သီးနှံမြေပဲများ ဈေးနှုန်းသိသာစွာ မြင့်တက်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

ယခင်နှစ်များက ယခုလိုကာလ တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် အရောင်းအဝယ်များ အေးစက် ငြိမ်သက်သွားသည့်အပြင် ဈေးနှုန်းများလည်း ကျဆင်းသွားလေ့ရှိသော်လည်း ယခုနှစ်တွင် တရုတ်ဝယ်လက်များက မြေပဲလုံးဆန်များသာမက မြေပဲဆီဆန်နှင့် ရွေးကျမြေပဲဆန်များကိုပါ သိမ်းကျုံး ဝယ်ယူနေမှုကြောင့် ဈေးနှုန်းများမြင့်တက်ကာ အရောင်းအဝယ်များ သွက်လက်မြန်ဆန် နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

“အရင်နှစ်တွေက ယခုလိုတရုတ်နှစ်သစ်ကူး နီးလာရင် ပဲဈေးကွက်ရဲ့ အရောင်းအဝယ်တွေက တုံ့ဆိုင်းသွားလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား ဆီထွက်သီးနှံမြေပဲတွေကို တရုတ်နှစ်သစ်ကူး နီးချိန်မှာ ရွေးကျမြေပဲဆန်တွေပါမကျန် သိမ်းကျုံးဝယ်ယူနေတဲ့အတွက် ပုံမှန်ဖြစ်စဉ်နဲ့ ပြောင်းပြန်ဖြစ်သွားတယ်။ အဝယ်ကြမ်းတဲ့အတွက် ဈေးတက်တာတွေလည်း မြန်နေတယ်။ တရုတ်ဝယ်လက်တွေရဲ့ ဝယ်ဈေးကို ပြည်တွင်းစက်ပိုင်တွေ မယှဉ်နိုင်တဲ့အတွက် ရပ်နားထားတဲ့ စက် အရေအတွက်တွေလည်း တိုးလာပါတယ်" ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် မန္တလေးပဲဈေးကွက်၌ ဇန်နဝါရီ လဆန်းက တစ်ပိဿာလျင် ၃၀၀၀ ကျပ်နှုန်းသာရှိခဲ့သော မြေပဲလုံးဆန်မှာ ယခုရက်ပိုင်း၌ ၃၅၀၀ ကျပ်ဈေးသို့လည်းကောင်း၊ မြေပဲဆီဆန်မှာလည်း ဇန်နဝါရီလဆန်းက တစ်ပိဿာလျင် ၂၃၀၀ ကျပ်ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် ၂၇၀၀ ကျပ် ဈေးသို့လည်းကောင်း၊ တစ်ပိဿာလျင် ၂၀၀၀ ကျပ်ဈေးသာရှိခဲ့သော ရွေးကျမြေ ပဲဆန်များမှာလည်း ယခုအခါ ၂၂၀၀ ကျပ်ဈေးသို့၎င်း အသီးသီးမြင့် တက်လျက်ရှိပြီး၊ ဆက်လက်၍ ဈေးနှုန်းများမြင့်တက်ရန် အလားအလာကောင်းများလည်းရှိကြောင်း သိရသည်။

 

ယခုရက်ပိုင်းတွင် မန္တလေးပဲဈေးကွက်သို့ ရှမ်းပြည်နယ်မှထွက်ရှိသည့် မြေပဲအပြင် နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များနှင့် မြင်းမူ၊ ပခုက္ကူဒေသများမှ ထွက်ရှိလာသည့် မြေပဲများလှိုင်လှိုင်ဝင် ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် ဒုတိယအကြိမ်အဖြစ် လေးလကြာ ယာယီပိတ်ထားခဲ့သည့် မန္တလေးကုန်စည်ဒိုင်ကိုလည်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)