မြန်မာဘိလိယက်နှင့် စနူကာကစားသမားများ ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲများ ရွှေ့ဆိုင်း

၂၉ မတ်

 

မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် အာရှအဆင့် ပြိုင်ပွဲများမှာ COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့သည်။

 

မြန်မာစနူကာအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ အာရှ 6RED စနူကာပြိုင်ပွဲ၊ မြန်မာဘိလိယက်နှင့် စနူကာကစားသမားများ ယှဉ်ပြိုင်မည့် အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှ ယူ-၂၁ စနူကာပြိုင်ပွဲတို့ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 

အာရှ 6 Red စနူကာပြိုင်ပွဲကို ကာတာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားပြီး အာရှဘိလိယက်ပြိုင်ပွဲနှင့် ယူ-၂၁ စနူကာပြိုင်ပွဲကိုမူ အိမ်ရှင်နိုင်ငံ ရွေးချယ်ရခြင်း မရှိသေးခင်မှာပင် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ၂၀၂၀ အာရှ 6RED စနူကာပြိုင်ပွဲ ယှဉ်ပြိုင်ရန် မတ်လဆန်းက လူရွေးပွဲများ ကျင်းပပြီး ပထမရသည့် ဘုန်းမြင့်ကျော် (ခ) မောင်မောင်နှင့် ဒုတိယဆုရသည့် ကိုထက်တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မောင်မောင်သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် Pool 9 Ball ပြိုင်ပွဲမှ ရွှေနှစ်ခု ရယူပေးခဲ့သူဖြစ်ပြီး စနူကာပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

 

အာရှဘိလိယက်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ချန်ပီယံကာကွယ်ရမည့် ပြိုင်ပွဲဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်သီးကစားသမားများကို ကျော်ဖြတ်ကာ ချန်ပီယံဆုရယူနိုင်ခဲ့သည်။


                               
မြန်မာဘိလိယက်နှင့် စနူကာကစားသမားများသည် COVID-19 ရောဂါကြောင့် လေ့ကျင့်မှုရပ်နားထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်