မြန်မာအသင်း ယှဉ်ပြိုင်မည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲကျင်းပမည့်ရက် ထုတ်ပြန်

ရန်ကုန်  ၁၅  ဇွန်


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံဖူဆယ်ပြိုင်ပွဲ ကျင်းပမည့်ရက်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ယခုနှစ်တွင် ကျင်းပရန်အဆင်မပြေနိုင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ယခင်က အောက်တိုဘာတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အဆင့်ပြိုင်ပွဲဖြစ်သည့် အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်ယှဉ်ပြိုင်ခဲ့သည်။

 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အသစ်ခန့်အပ်ထားသည့် နည်းပြဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇန်နဝါရီမှ ကျင်းပမည်ဖြစ်သောကြောင့် ပြင်ဆင်ချိန်ရရှိမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ပီတာဟာမန်စ်ကို ခန့်အပ်ရန် သဘောတူညီမှုရထားပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တည်ငြိမ်သွားပါက အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်ဖူဆယ်အသင်းနည်းပြသစ် ခန့်အပ်ပြီးမှသာ ပြိုင်ပွဲအကြိုပြင်ဆင်မှု များနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ် ရရှိဖူးပြီး ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယ၊ ၂၀၀၆ နှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုတို့ ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ