မြန်မာအသင်း အင်ဒိုနီးရှားကို အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်

၇ ဒီဇင်ဘာ

 

၂၀၁၉ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက မနီလာမြို့ရှိ ရီဇယ်လ်ကွင်း၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။

 

မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ဆီမီးဖိုင်နယ် ကစားခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေသောကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက နှစ်ဂိုးထပ်မံသွင်းယူခဲ့သောကြောင့် စုစုပေါင်း လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ မြန်မာအသင်းသည် နှစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန်သွင်းကာ သရေကျခဲ့သော်လည်း အချိန်ပိုတွင် ဂိုးများထပ်မံခွင့်ပြုခဲ့ရသောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ အင်ဒိုနီးရှားအသင်းသည် ၂၀၁၃ နောက်ပိုင်း ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ကမ္ဘောဒီးယားကို အနိုင်ယူခဲ့သည့် အုပ်စုနောက်ဆုံးပွဲ လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့ပြီး အထောင်တိုက်စစ်မှူး မပါသောကြောင့် ယခုပွဲတွင် ရုန်းကန်ခဲ့ရကာ ပထမပိုင်းတွင် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ အင်ဒိုနီးရှားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း မြန်မာဂိုးသမား ဆန်းဆက်နိုင် အမှားမရှိသောကြောင့် ပထမပိုင်းတွင် ဂိုးမရခဲ့ခြင်းဖြစ်သည်။

 

mdn

 

ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းက တိုက်စစ်မြင့်လာပြီး ၅၈ မိနစ်တွင် အီဗန်နှင့် ၇၂ မိနစ်တွင် အီဂီတို့က ဂိုးများသွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဂိုးပြန်ရရန် အောင်ကောင်းမာန်နှင့် ဝင်းနိုင်ထွန်းကို ထည့်ကာ တိုက်စစ်မြင့်ခဲ့ပြီး ၇၈ မိနစ်တွင် အောင်ကောင်းမာန်က ပထမချေပဂိုး၊ ၇၉ မိနစ်တွင် ဝင်းနိုင်ထွန်းက ဒုတိယချေပဂိုးသွင်းယူခဲ့သည်။ ဝင်းနိုင်ထွန်းသွင်းယူသည့် ဒုတိယဂိုးမှာ အင်ဒိုနီးရှားဂိုးသမား အမှားကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ မိနစ် ၉၀ ပြည့်သည်အထိ သရေကျနေ၍ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက ခြေပိုသာခဲ့ပြီး အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် အနိုင်ဂိုးများကို ၁၀၃ မိနစ်တွင် အိုဆာဗယ်လ်ဒို၊ ၁၁၄ မိနစ်တွင် အီဗန်တို့က သွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် မြန်မာအသင်း ကွင်းလယ်ကစားသမား အောင်နိုင်ဝင်း အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

 

အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗီယက်နမ်အသင်းက ၄ ဂိုး- ဂိုးမရှိဖြင့် ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိခဲ့သဖြင့် တတိယနေရာလုပွဲအဖြစ် မြန်မာနှင့် ကမ္ဘောဒီးယား၊ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင်ဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)